စစ်ကောင်စီရဲ့ မင်းဘူး ဌာနေပြည်သူ့စစ်ခေါင်းဆောင်ကို ပုပ္ပါးပြောက်ကျားတပ်ဖွဲ့ ရှင်းလင်း

Author CJ Platform
Categories
Published on Apr 25, 2025

စစ်ကိုင်းတိုင်း မင်းဘူးမြို့ရဲ့ ဌာနေပြည်သူ့စစ်ခေါင်းဆောင်ကို Popa Production & Guerilla Force – PPGF  (ပုပ္ပားပြောက်ကျားတပ်ဖွဲ့)က ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးချိန် ခုခံခဲ့လို့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PGF(Popa)တပ်ဖွဲ့ကနေ သိရပါတယ်။

 

စစ်ကောင်စီရဲ့ ဖရဲသီးသတင်းပေးအရ မင်းဘူးကနေ ကျောက်ပန်းတောင်းမြို့နယ်ကို ဗိုလ်မှူးတစ်ဦးရဲ့ ကားကိုယူဆောင်မောင်းနှင်လာတဲ့ ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဌေးနိုင်နဲ့ အမျိုးသမီးတို့နှစ်ဦးကို ဖမ်းဆီးချိန် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုလုတဲ့အပြင် အမျိုးသမီးက ဗုံးသီးနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တာ လို့ သိရပါတယ်။

“ ဒီကောင့်ကိုမေးမြန်းဖို့လုပ်ချိန်မှာ ကျွန်တော်တို့ရဲဘော်ရဲ့ သေနတ်ကိုဝင်လုတယ်၊ သူနဲ့ပါလာတဲ့ အမျိုးသမီးက အိတ်ထဲကဗုံးသီးနဲ့ ပစ်ဖို့ပြင်တာ။ အဲဒီအချိန်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ရတာဗျ “ လို့ PGF(Popa)တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တ က CJ Platform ကိုပြောပါတယ်။

 

ဖြစ်စဉ်အတွင်း သေနတ်လုနေချိန်မှာ တော်လှန်ရေးရဲဘော် နှစ်ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

 

တိုက်ခိုက်မှုအတွင်း ဗိုလ်မှူးမင်းဝေရဲ့ ကားတစ်စီးနဲ့အတူ ကာဘိုင်ကျည် ၇၉ တောင့်၊ ကျည်ဘောက်တစ်ဘောက်၊ ဗုံးသီးတစ်လုံး၊ အိုင်ကွန်(icon) တစ်လုံး၊ ဓါးတစ်ချောင်း၊ ဖုန်းလေးလုံး၊ ဝန်ထမ်းကဒ်များ၊ ဘက်တံဆိပ်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ကားကိုတော့ စစ်ရေးအရ လိုအပ်ရင် လိုအပ်သလို အသုံးပြုသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

 

သေဆုံးသွားတဲ့ ဌာနေပြည်သူ့စစ်ခေါင်းဆောင်ဟာ မင်းဘူးမြို့နယ် ခလရ (၈၈) လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ကိုယ်ပိုင်အမှတ် (၈၈၀၀၈) ဖြစ်ပြီး SH မီဒီယာသတင်းဌာနရဲ့ တွဲဖက်သတင်းထောက်ချုပ် လည်းဖြစ်ပါတယ်။

ဒါ့အပြင် သူနဲ့အတူပါလာသူအမျိုးသမီးမှာလည်း သိမ်းဆည်းရမိတဲ့ ဖုန်းမှာပါတဲ့ အချက်အလက်တွေ အရ သူ့ရဲ့ဇနီးဆိုပေမဲ့ တရားဝင်ဇနီးမယားမဖြစ်နိုင်ဘူးလို့ PGF(Popa)တပ်ဖွဲ့ ဒုတာဝန်ခံ ကသုံးသပ်ပြောဆိုပါတယ်။

 

“ စခ တွေအနေနဲ့ပေါ့ သူတို့ရဲ့လက်အောက်ခံကျွန်ရူးတွေရော ဘယ်နေရာကို ဘယ်လိုသွားသွား တော်လှန်ရေးသမားတွေက အမြဲတမ်းရှိနေပါတယ်။ အဲဒီတော့ အကြောက်တရားနဲ့ပဲ အမြဲနေပါ အကြောက်တရားပပျောက်ချင်ရင် ပြည်သူနဲ့ပူးပေါင်းပါ “ လို့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တ က CJ Platform ကိုထပ်ပြောပါတယ်။

 

လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ မြင်းခြံခရိုင်နဲ့ ထိစပ်နေတဲ့ ကျောက်ပန်းတောင်း၊ ပုဂံ၊ ညောင်ဦး ဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက မကြာခဏ ပြောက်ကျား တိုက်ခိုက်မှုတွေရှိနေပါတယ်။

 

Popa Production & Guerilla Force – PPGF  (ပုပ္ပားပြောက်ကျားတပ်ဖွဲ့) က ည ၈ နာရီကနေ မနက် ၄ နာရီအချိန်အထိ ပုပ္ပား-တောင်သာကားလမ်းမကြီးကို ဖြတ်သန်းသွားလားခြင်းမပြုဖို့နဲ့ ကျန်းမာရေး အကြောင်းတစ်စုံတစ်ရာရှိပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ် သွားလာနိုင်တယ်လို့ ဧပြီလ ၂၄ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ _ PGF