အိန္ဒိယ၊ နာဂ(မလှိမ်)ဒေသရှိ မြန်မာစစ်ဘေးရှောင်တွေ နေရောပြောင်းရွှေ့ဖို့ ဒေသခံတွေ တောင်းဆို

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင်၊ နာဂ(မလှိမ်) ဒေသတွင်းရှိ မြန်မာစစ်ဘေးရှောင်တွေ နေရာပြောင်းရွှေ့ကြဖို့ ilram Area Maring Organization အဖွဲ့နဲ့ ဒေသခံတွေက ခရိုင်အုပ်ချုပ်ရေးမှူးဆီ ဧပြီလ ၁၈ ရက်နေ့က တောင်းဆိုနေကြတယ်လို့ စစ်ဘေးရှောင် တာဝန်ရှိသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က နာဂ(မလှိမ်)ဒေသရှိမှာရှိတဲ့ မြန်မာစစ်ဘေးရှောင်စခန်းတစ်ခုမှာ သင်္ကြန်သီချင်းဖွင့်ရာ ဒေသခံအမျိုးသားတစ်ဦးက အရက်မူးရူးပြီး ပြဿနာရှာရာမှ စစ်ဘေးရှောင်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေက အခုလို နေရာပြောင်းရွှေ့ကြဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
“သင်္ကြန်အတတ်နေ့မှာ စစ်ဘေးရှောင်တွေက သင်္ကြန်သီချင်းတွေ ဖွင့်ကြတယ်။ အဲဒါကို ဒေသခံအမျိုးသားတစ်ယောက်က အရက်ဆိုင်ကနေ ထွက်လာပြီး သီချင်းကို ဘယ်သူက ဖွင့်ခိုင်းတာလဲ။ ဘာဖြစ်လို့ ဖွင့်တာလဲဆိုပြီး ပြဿနာရှာတယ်။ နောက်ဆုံး သည်းမခံနိုင်ကြတော့ ရန်ဖြစ်ပြီး ထိုးကြိတ်ကြတယ်။ ဒေသခံတစ်ယောက်က ဒဏ်ရာရသွားတယ်။ စစ်ဘေးရှောင်တာဝန်ရှိသူတွေက ဒဏ်ရာရတဲ့သူကို တောင်းပန်ပြီး ပြဿနာက ပြီးသွားတယ်။”လို့ မြန်မာစစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါကြောင့် မြန်မာစစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ နောက်ထပ် ရန်မဖြစ်အောင် နာဂ(မလှိမ်)ဒေသမှာရှိတဲ့ မြန်မာစစ်ဘေးရှောင်တွေ ၇ ရက်အတွင်း နေရာပြောင်းရွှေ့ပေးကြဖို့ ခရိုင်အုပ်ချုပ်ရေးကနေတဆင့် တောင်းဆိုကြတာ ဖြစ်ပါတယ်။
အဲဒီတောင်းဆိုမှုကြောင့် စစ်ဘေးရှောင်တွေဟာ ၇ရက်တွင်း တခြားနေရာ ပြောင်းရွှေ့ပေးရမှာဖြစ်သလို ယခင်ကလည်း ဒေသခံတွေဟာ နာဂ(မလှိမ်)ဒေသမှာ တရားမဝင် ရောက်လာတဲ့ မြန်မာစစ်ဘေးရှောင်တွေ မထားဖို့နဲ့ နှင်ထုတ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးဆီ အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
“နာဂ(မလှိမ်)ဒေသမှာ မြန်မာစစ်ဘေးရှောင်တွေနေထိုင်တာ သူတို့က မကြိုက်ဘူး။ စစ်ဘေးရှောင်တွေဆို နှိမ်ချင်တယ်။ ဟင်းရှာတာ၊ လမ်းသွားတာ၊ တောင်ယာခုတ်တာတွေအစ မကြိုက်ဘူး။ မပေးဘူး။ ပြီးတော့ မကြာခဏ ခရိုင်အုပ်ချုပ်ရေးမှူးဆီ နှင်ထုတ်ဖို့ တိုင်တယ်။ အဲတုန်းက အခုလို အရေးယူဆောင်ရွက်တာမရှိဘူး။ အခုဟာက ရန်ဖြစ်တာကစတဲ့အတွက် နေရာပြောင်းရွှေ့ပေးရမယ်ဖြစ်ပါတယ်”လို့ အသက် ၃၄ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ အခုလို နေရာပြောင်းရွှေ့ပေးရမှာဖြစ်တဲ့အတွက် တနိုပယ်ခရိုင်မှာရှိတဲ့ မြန်မာစစ်ဘေးရှောင်တွေဟာ တခြားနေရာဒေမှာ ပြောင်းရွှေနေကြသလို တချို့စစ်ဘေးရှောင်တွေဟာ မြန်မာပြည် ပြန်လာကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။
တင်နိုပယ်ခရိုင်၊ နာဂ(မလှိမ်)ဒေသမှာရှိတဲ့ မြန်မာစစ်ဘေးရှောင်တွေဟာ စစ်ကိုင်းတိုင်း၊ ကလေး၊ တမူး၊ ကဘော်ဒေသက တိုက်ပွဲတွင်း ၂၀၂၂ ခုနှစ်ကတည်းက ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေဖြစ်ကြပါတယ်။ တင်နိုင်ပယ်ခရိုင်မှာ မြန်မာစစ်ဘေးရှောင် ၅,၀၀၀ ဝန်းကျင်ခန့်ရှိပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ-တင်နိုပယ်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင်စခန်းကိုတွေ့ရစဥ်