နေပြည်တော်က လွှတ်တော်အဆောက်အဦတွေ ပျက်စီးခဲ့တာကြောင့် ရန်ကုန်တိုင်းလွှတ်တော်ကို ပြည်ထောင်စုလွှတ်တော်အဖြစ် ယာယီအသုံးပြုမည်

Author CJ Platform
Categories
Published on Apr 21, 2025

အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်မှာရှိတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အဆောက်အဦတွေ ပျက်စီးခဲ့တာကြောင့် ရန်ကုန်တိုင်းလွှတ်တော် အဆောက်အဦကို ပြည်ထောင်စုလွှတ်တော်အဖြစ် ယာယီအသုံးပြုဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

 

စစ်ကောင်စီဟာ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်မှာရှိတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အဆောက်အဦတွေဟာ ကြီးမားတဲ့ ထိခိုက်မှုမရှိဘူးလို့ ဆိုပေမဲ့ လွှတ်တော်ကျင်းပဖို့အတွက် အကြီးစားပြင်ဆင်မှုတွေ လိုအပ်နေတာကြောင့် သူတို့ လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပြီးမှာ ရန်ကုန်တိုင်းလွှတ်တော်ကို ပြည်ထောင်စုလွှတ်တော်အဖြစ် ယာယီအသုံးပြုဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

“ဝန်ထမ်းတွေနဲ့ ပစ္စည်းတွေကို ပို့ထားပြီးပြီ၊ ရန်ကုန်တိုင်းလွှတ်တော်က အကုန်ပြင်ဆင်ထားပြီးသားမို့ ရန်ကုန်ကို ပြောင်းဖို့လုပ်နေတာ၊ ဝန်ကြီးတွေ လွှတ်တော်လာဖို့ကလည်း အရင်ကတည်းက စင်္ကြန်လမ်းရှိပြီးသားလေ”လို့ CDM လွှတ်တော်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

အဆောက်အဦလိုအပ်ချက်အရ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို ရက်ခြားစီ ကျင်းပနိုင်ဖို့ကိုလည်း အစီအစဉ်ရေးဆွဲနေတယ်လို့ သိရပါတယ်။

 

“လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုဖို့လောက်ပဲ အခက်အခဲရှိနေတယ်၊ ဒါကလည်း အရင် ဧရာဝတီလွှတ်တော်မှာ လုပ်သလို အပြင်က အစိုးရက အငှါးချထားတဲ့ ဟိုတယ်တစ်ခုခုကို အသုံးပြုပြီး တည်းခိုဖို့ ပြင်ဆင်နေတယ်၊ သူတို့က ရွေးကောက်ပွဲကို မဖြစ်မနေကို လုပ်ဖို့ လုပ်နေတာ”လို့ အခြား CDM လွှတ်တော်ဝန်ထမ်းတစ်ဦးကလည်း ပြောပါတယ်။

 

စစ်ကောင်စီဟာ သူတို့ လုပ်ဆောင်မယ့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပဖို့ မလွယ်ကူတာကြောင့် မြို့အလိုက်၊ တိုင်းနဲ့ ပြည်နယ်အလိုက် ကာလအပိုင်းအခြား ခွဲခြားပြီး လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

 

“သူတို့က အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုမှာ၊ အရင်လို တစ်နိုင်ငံလုံး တပြိုင်နက်ထဲ မကျင်းပဘူး၊ တစ်မြို့ချင်းစီအလိုက် သူတို့ လုပ်ဆောင်မှာ နိုင်ငံရေးပါတီတွေကို သူတို့ ဆွေးနွေးပြီးသားပါ၊ သတင်းမထုတ်ပြန်သေးဘဲ သူတို့လုပ်နေတာ”လို့ ပြည်သူ့ပါတီ ခေါင်းဆောင်ပိုင်းတွေနဲ့ နီးစပ်သူ တစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီဟာ အခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အထပ်ထပ်အခါခါပြောဆိုနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ညောင်နှစ်ပင်စခန်းကိုလည်း ပြင်ဆင် ရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အဲဒီအကြောင်းကို သိရှိထားသူတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာ – နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦပျက်စီးမှုကို မင်းအောင်လှိုင် သွားရောက်ကြည့်ရှုပုံ

Related News

Depend on news