ငလျင်ဒဏ်သင့် စစ်ကိုင်းမှာ အဆင့်မီအားကစားကွင်း တည်ဆောက်ပေးမယ်လို့ စစ်ခေါင်းဆောင်ပြော

Author CJ Platform
Categories
Published on Apr 20, 2025

ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့မှာ အဆင့်မီ အားကစားကွင်းကြီး တည်ဆောက်ပေးသွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီ ၁၉ရက်နေ့မှာ ပြောကြားခဲ့ကြောင်း ဒီကနေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

စစ်ကိုင်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင်က စစ်ကိုင်း ခုတင် ၂၀၀ဆံ့ဆေးရုံကို ခုတင် ၃၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့် တည်ဆောက်ရန်အပြင် ပါရမီရပ်ကွက်မှာရှိတဲ့ နှစ်(၇၀၀) အားကစားကွင်းကိုလည်း အဆင့်မီ အားကစားကွင်းကြီးဖြစ် ပွဲကြည့်စင်တွေပါ အပါအဝင် ထည့်သွင်း တည်ဆောက်သွားမယ်လို့ ပြောကြားလိုက်တာပါ။

 

ပြည်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အင်အားရစ်ချ်တာစကေး ၈ အဆင့်ထိ ငလျင်ဒဏ်ခံ အဆောက်အဦ၊ လမ်းတံတားတွေဖြစ်အောင် တည်ဆောက်သွားဖို့ကိုလည်း စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီး Green City ၊ Clean City ၊ Smart City ဖြစ်အောင် တည်ဆောက်ဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

အင်အားပြင်း ငလျင်ဒဏ်ကို ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းမြို့ ပြည်သူတွေဟာ လုံခြုံစိတ်ချရတဲ့ အမိုးအကာတွေအောက်ကို ရောက်ရှိဖို့ လိုအပ်နေကြဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် ကိုယ်ထူကိုယ်ထသာ ရုန်းကန်နေကြရတယ်လို့ စစ်ကိုင်းမြို့ ဒေသခံတွေဆီက သိရပါတယ်။

 

နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဖြစ်ခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ၃၆၀၀ ကျော် သေဆုံးခဲ့ရပြီး မြို့ကြီး ၁၀ မြို့ထက် မနည်းမှာ ရုံးအဆောက်အဦ ၅၄၀၀ ကျော်၊ နေအိမ်ပေါင်း ၅၂၀၀၀ ကျော်၊ ဘာသာရေး အဆောက်အအုံ ၅၁၀၀ ကျော်၊ စာသင်ကျောင်းပေါင်း ၂၆၀၀ ကျော်ပျက်စီး ခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC