မူလာဒီရွာက ရွာခံတွေ ဆင်ရန်ကြောက်လို့ ဘေးလွတ်ရာ ထွက်‌ပြေးတိမ်းရှောင်နေ၊ ဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ ဦး သေဆုံး

Author CJ Platform
Categories
Published on Apr 19, 2025

ကချင်ပြည်၊ ပူတာအိုမြို့နယ်ထဲမှာရှိတဲ့ မူလာဒီရွာက ရွာခံအမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ရွာအတွင်းကို တောဆင်ရိုင်းတိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာနေရာတွေကို

ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

ဧပြီလ ၁၆ရက်နဲ့ ၁၇ရက်နဲ့တွေမှာ မူလာဒီရွာအနီးတဝိုက်နဲ့ ရွာထဲကို ဆင်တကောင် ဝင်ရောက်သောင်းကြမ်းခဲ့တာကြောင့် ရွာခံအမျိုးသမီး(၄)ဦး သေဆုံးခဲ့ရပါတယ်။

 

အဲဒီနောက် ရွာအတွင်းမှာ‌ရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ မူလာရှီးဒီရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မူလာဒီရွာအနီးမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက CJ Platformကို ပြောပါတယ်။ အမျိုးသားအချို့ကတော့ မူလာဒီရွာထဲမှာ အိမ်စောင့်အနေနဲ့ ကျန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ရွာက လူတွေက မူလာရှီးဒီ ကိုပြောင်းလာကြတယ်။မူလာရှီးဒီက မလိခဟိုတယ် ဦးတေဇ ဟိုတယ် ရှိတဲ့ ရွာပါ”လို့ မူလာဒီရွာအနီးမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဆင်ဘေးရှောင် ပြည်သူတွေကို အဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက အစားအသောက်အတွက် ကူညီပေးနေတယ်လို့လည်း သိရပါတယ်။

 

“အခုသူတို့ကတော့ အဆင်တော့ပြေပါတယ်။ ဒီဘက်ခြမ်း နီးစပ်တဲ့ ဆွေမျိုးအိမ်တွေ၊ နောက်ပြီးတော့ အသင်းတော် ဘာသာရေးဘုရားကျောင်းတွေမှာ ခိုလှုံနေကြတယ်။ အဲ့ထဲမှာ အခြားအဖွဲ့အစည်းတွေကလည်း အစားသောက်တွေ နည်းနည်းပါးပါး အဲ့လိုကူညီတဲ့ဟာတွေရှိတယ်။ အဓိကတော့ Hope လူမှုကူညီရေးအဖွဲ့ကနေပြီးတော့မှ အစားအသောက်တွေ လှူဒါန်းတာရှိတယ်”လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကော်မတီ – ပူတာအိုမှ တာဝန်ရှိသူတစ်ဦးကလည်း CJ Platformကို ပြောပါတယ်။

 

သူတို့အဖွဲ့အနေနဲ့လည်း ဆင်သောင်းကြမ်းမှုဖြစ်စဉ်မှာ သေဆုံးသွားခဲ့ရသူတွေရဲ့ နာရေးအတွက် တစ်အိမ်ထောင်ကို ၁သိန်းဆီ ပေးအပ်ခဲ့သေးတယ်လို့လည်း တာဝန်ရှိသူက ဆက်ပြောပါတယ်။

 

ဆင်သောင်းကြမ်းမှုဖြစ်စဉ်မှာ သေဆုံးသွားသူတွေကတော့ ဒေါ် တာမာဟဲ့ (၃၈နှစ်)၊ ဒေါ် ငွါးယော်နာ (၃၃ နှစ်)၊ ဒေါ် ရှောရဲ့ဟဲ့ (၇၅ နှစ်)နဲ့ ဒေါ် ဒူးမာဟာ (၈၁ နှစ်)တို့ဖြစ်ကြတယ်လို့ မူလာရှီးဒီ အခြေပြုအဖွဲ့အစည်းဖြစ်တဲ့ Myaw Lint Yar – Hopeရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

လက်ရှိမှာတော့ သောင်းကြမ်းသွားတဲ့တောဆင်ကို ရှင်းလင်းဖို့အတွက် ပြည်သူ့စစ်အဖွဲ့၊ ရွာခံမုဆိုးတွေနဲ့ ဆင်ထိန်းတွေက လိုက်လံရှာဖွေနေပြီး၊ ဒီကနေ့ ဧပြီလ ၁၉ရက် နေ့လယ်ပိုင်းအထိတော့ ရှင်းလင်းနိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

 

မနေ့က ဧပြီ ၁၈ရက် ညနေပိုင်းမှာ ဆင်ရိုင်းထပ်မံသောင်းကြမ်းလို့ အမျိုးသား တစ်ဦး သေဆုံးခဲ့ရတယ်ဆိုပြီး ‌ဒေသအတွင်းမှာ သတင်းတွေထွက်ပေါ်နေပေမယ့်၊ ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့လည်း မူလာဒီရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“အဲ့ဒါက ရေကျော်ဒီးကျေးရွာမှာ ယောကျာ်းလေးတစ်ယောက် ဖြစ်တယ်လို့ ပြောတဲ့ဟာ၊ အဲ့ဒါက ကောလာဟလပါနော်။ အဲ့တာကဒေသခံတွေတောင် ဘယ်သူမှ အတိအကျမသိထားဘူး။ မြင်လည်း မမြင်ဘူး”လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

 

အသံကြားရာကို ဆင်လာဖို့အတွက် လူသေဆုံးတယ်ဆိုကာ ဆူပူအောင်လုပ်တာဖြစ်ပြီး၊ ဒါကိုကြားတဲ့သူတွေက အထင်လွဲကုန်တာ ဖြစ်တယ်လို့လည်း ရေကျော်ဒီးရွာခံတစ်ဦးရဲ့ ပြောပြချက်ကို သူမက ပြန်ပြောပြပါတယ်။ ဆင်လာရင် ပစ်ခတ်ဖို့စီစဉ်ထားတာဖြစ်ပေမယ့် ဆင်မလာခဲ့ဘူးလို့လည်း သူမက ဆက်ပြောပါတယ်။

 

ပူတာအိုမြို့နယ်ထဲမှာ ဆင်သောင်းကြမ်းမှု အန္တရာယ်တွေကြောင့် ဒေသခံတွေ မကြာခဏဆိုသလို ထိခိုက်၊ သေဆုံးတာတွေရှိနေတယ်လို့လည်း ရွာခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – Myaw Lint Yar – Hope ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကော်မတီ