စစ်ကိုင်းငလျင်ကြောင့် သေဆုံးသွားတဲ့သူတွေကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ရည်စူးကုသိုလ် ပြုလုပ်

Author CJ Platform
Categories
Published on Apr 17, 2025

ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့_Yangon 4 Brothers က ဒီကနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသွားသူတွေကို ရည်စူးပြီး ကုသိုလ်ပြုအမျှဝေခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

အဲဒီလို ရည်စူးကုသိုလ်ပြုရာမှာ သံဃာတော်တွေကို သင်္ကန်း၊ နဝကမ္မအလှူနဲ့ နေ့ဆွမ်းဆပ်ကပ်ကာ ရေစက်သွန်းချ အမျှဝေခဲ့တဲ့အပြင် ဘုရားစေတီပုထိုးများမှာလည်း ပန်း၊ ရေချမ်းဆပ်ကပ်လှူဒါန်းကာ ငှက်လွှတ်ခြင်း ငါးလွှတ်ခြင်းနဲ့ ဇိဝိတဒါန ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ ကျွနုပ်တို့ရဲ့ ပြုပြုသမျှ ကုသိုလ်အဖို့အစုအား ထပ်တူထပ်မျှ ရကြပါစေ..ပေးမျှဝေသည် များထွေ သာဓု ခေါ်ကြပါစေသောဝ်….(ကုသိုလ်….အမျှ အမျှ အမျှ)၃ ယူတော်မူကြပါကုန်လော…… (သာဓု..သာဓု..သာဓု) ၃” လို့ ထုတ်ပြန်ရေးသားထားပါတယ်။

 

ဒါ့အပြင် ဘဝဆက်တိုင်း သက်ရှည် ကျန်းမာ အေးသုခနှင့် ပြည်စုံကြပါစေကြောင်း အခါခါဆုတောင်း ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

 

မြန်မာနိုင်ငံ ပြည်သူပြည်သား မိသားစုတိုင်း  ဘဝအဆက်ဆက် စစ်ကိုင်းငလျင်ကြီးကဲ့သို့သော အဖြစ်ဆိုး ဘေးရန်အပေါင်း၊ ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ စစ်အာဏာရှင်တွေလက်ကနေ လွတ်ကင်းကြပါစေ လို့လည်း ရန်ကုန်ညီနောင် ၄ ဖွဲ့က ကုသိုလ်ပြု ဆုတောင်းပေးခဲ့ကြပါတယ်။

 

ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ဟာ စစ်ကောင်စီကို ရရာနည်းနဲ့ ဆန့်ကျင် ဆန္ဒပြနေကြပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရှင်သန်ရေးအတွက် တော်လှန် တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေကိုလည်း လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

 

ဓာတ်ပုံ – ပေးပို့