နှစ်ဆန်းတစ်ရက်နေ့မှာ မိုးကုတ်ကို လေကြောင်းကနေ ဗုံးကြဲပြန်တဲ့ စစ်ကောင်စီ

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ကသဲကျေးရွာအုပ်စုရှိ ကဆုတ်ကျေးရွာကို အပစ်ရပ်တယ်ပြောထားတဲ့ စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဒီကနေ့ မနက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်အရှေ့ပိုင်းက ကျေးရွာဖြစ်တဲ့ ကဆုတ်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကဆုတ်ကျေးရွာရှိ လျှပ်စစ်ခွဲရုံကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ ဒေသတွင်းလူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားထားကြတာကို တွေ့ရပါတယ်။
တအာင်းတပ် TNLA ကတော့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေတွေကို နောက်ပိုင်းမှာ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မနက်မှာပဲ တည်ငြိမ်အေးချမ်းမှုလိုအပ်နေလို့ ငြိမ်းချမ်းရေးရရှိအောင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့ဖိတ်ခေါ်တယ်လို့ပြောဆိုပြီးချိန် မှာဘဲ အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုလိုအပ်နေပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိစေဖို့ တိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုစိတ်ထားကာ ပူးပေါင်းပါဝင်ဖို့ယုံကြည်တယ်လို့လည်း ပြောခဲ့သေးတာပါ။
ရက်ပေါင်း ၂၀ ကြာအပစ်ရပ်တယ်လို့ ပြောဆိုပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲနေတယ်လို့ TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – TNLA
ပုံစာ – ဧပြီ ၆ ရက်နေ့က စစ်ကောင်စီ အဆိပ်ငွေ့ဗုံးနဲ့ ကြဲချတိုက်ခိုက်စဉ် ( ပုံဟောင်း)