ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီထုတ်ပြန်ပြီးနောက် ငလျင်ကိုအကြောင်းပြကာ ဘာသာရေးအစွန်းရောက် ဝီရသူကို ပွဲထုတ်လာတဲ့ မီဒီယာတွေ ရှိလာ

စစ်ကောင်စီဟာ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်လာပြီးနောက် ငလျင်ဘေးကို အကြောင်းပြကာ ဘာသာရေးအစွန်းရောက်တစ်ဦးဖြစ်သူ ဦးဝီရသူကို စစ်ကောင်စီဆီမှာ မှတ်ပုံတင်ကာ သတင်းလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မြန်မာမီဒီယာအချို့က ပွဲထုတ်လာတာကို တွေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီး ကယ်ဆယ်ရေးနဲ့ ကူညီရေး အကြောင်းပြကာ ဘာသာရေးအစွန်းရောက် ဦးဝီရသူဟာ လူထုကြားကို ပြန်လည်ထွက်လာတာကို တွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောကြားခဲ့မှုအပြီး ဦးဝီရသူကဲ့သို့ ဘာသာရေးအစွန်းရောက်တွေကို နေရာပြန်လည် ပေးလာတာပဲဖြစ်ပါတယ်။
ပြည်တွင်းမီဒီယာတစ်ခုမှာ ငလျင်ဘေးနဲ့ ပတ်သက်ပြီး ဦးဝီရသူနဲ့ တွေ့ဆုံမေးမြန်းမှုကို ဒီကနေ့မှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
ပြည်တွင်းမီဒီယာတစ်ခုက မေးမြန်းမှုတွေအနက် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ ပြိုကျပျက်စီးနဲ့ ဦးဝီရသူရဲ့ ကူညီမှုကိုပါ နှပ်ကြောင်းပေးမေးမြန်းထားမှုကို တွေ့ရှိရပြီး ဦးဝီရသူက စစ်တပ်ရဲ့ အကူညီနဲ့ ဗလီတွေပါ ပံ့ပိုးကူညီနေတယ်လို့ ထည့်သွင်းဖြေကြားထားတာကို တွေ့ရှိရပါတယ်။
“အဲဟိုတစ်နေ့ကတောင် အမရပူရ အထက (၁) ကို ရောက်တယ်ပေါ့နော်။ အထက(၁)ရောက်တဲ့အခါကျတော့ အဲဒီက volunteer တစ်ယောက်က လျှောက်လိုက်တယ် ဒီနာမည်ကြီးတဲ့ ဗလီတွေကို အရောက်အပေါက်များကြပြီးတော့ လူသိနည်းတဲ့ ဗလီတွေကို အရောက်အပေါက်နည်းကြတယ်ပေါ့နော်။ အထူးသဖြင့် ကုလားဖြူဗလီကို မရောက်ပါဘူးတဲ့။ ကုလားဖြူဗလီမှာ လိုအပ်ချက်ကြီးမားနေပါတယ် အဲဒါဘုန်းဘုန်းတို့ လုပ်ပါအုန်းဆိုတာနဲ့ အဲဦးဇင်းဖုန်းဆက်လိုက်တယ်ပေါ့။ ဖုန်းဆက်ပြီးတော့ ဦးဇင်းရဲ့ မိတ်ဆွေကြီး တိုင်းမှူးရွှေကြည်ကို အကြောင်းကြားလိုက်တာပေါ့။ ဒကာကြီး ကုလားဖြူဗလီကို ကျုပ်ကိုယ်တိုင် ဖုန်းဆက်းပြီးသွားပြီ။ မိုးကာတွေလိုတယ်၊ခြင်ထောင်တွေလိုတယ် ခင်များတို့ အဖွဲ့အစည်းတွေကို လှမ်းတင်ပြလိုက်ပါအုန်း။ သူတို့ အဖွဲ့အစည်းတွေကို လွှတ်တယ်ပေါ့နော်။ အဖွဲ့အစည်းတွေ လွှတ်သော်လည်းဘဲ လိုအပ်ချက်ကို သူတို့မလှူနိုင်ဘဲနဲ့ သူတို့ပါတာလေးတွေဘဲ လှူနိုင်တာပေါ့ဗျာ။ အဲ အခု ဒီနေ့ကျမှဘဲ မိတ်ဆွေကြီး တိုင်းမှူးရွှေကြည်နဲ့ ဖုန်းဆက်ပြီး ဒကာကြီး သူတို့လိုတာက မိုးကာတို့၊ ခြင်ထောင်တို့ မရောက်သေးဘူးလို့ အဲဒါ ဒီနေ့ အရောက်ပို့ပေးမယ်လို့ ပြောတယ်။ ဦးဇင်းတို့တစ်တွေကတော့ ဒုက္ခရောက်တာချင်းအတူတူ အစိမ်း အကျက် ခွဲတာတို့ ဘာသာလူမျိုးခွဲတာတို့ မရှိပါဘူး”လို့ ဦးဝီရသူက အဆိုပါ မီဒီယာမှာ ပြောကြားထားပါတယ်။
အစ္စလာမ်ဘာသာဝင်တွေကို အမြဲတိုက်ခိုက်လေ့ရှိပြီး ဘာသာရေးအစွန်းရောက်တစ်ဦးအဖြစ် အမည်ကြီးတဲ့ ဦးဝီရသူရဲ့ အခုလို ဖြေကြားချက်တွေဟာ စောင့်ကြည့်ရမဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
“ဒီလိုလူမျိုးက အခုလိုပြောလာတာ အရမ်းကို သတိထားရမယ်၊ ရွေးကောက်ပွဲလုပ်မယ်လို့လည်း ပြောထားချိန်မှာ စစ်တပ်နဲ့ ဒီလောက်ထိနီးစပ်တဲ့ မဘသတစ်ဦးက ပြောဆိုချက်ဟာ ဂရုပြုစရာပါ၊ ဒါတွေကို ထုတ်လွှင့်တဲ့ သူတွေကိုလည်း သတိထားစောင့်ကြည့်ရပါမယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အတွင်းမှာ ဦးဝီရသူ နေထိုင်ရာ မစိုးရိမ်တိုက်သစ်လည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။