ညောင်တုန်းမှာ စစ်တပ်ထောက်ခံသူရာအိမ်မှူးက လူငယ်နှစ်ဦးကို သူ့ကို ခွန်းတုံ့ပြန်တယ်လို့ဆိုကာ ဓားနဲ့ထိုး

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာအုပ်စု ပဲရုံဆိပ်ကျေးရွာက စစ်တပ်ထောက်ခံသူ ရာအိမ်မှူးဟာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ဈေးလာဝယ်တဲ့ လူငယ်နှစ်ဦးကို မပြန်သေးဘူးလားဟု မေးမြန်းရာမှာ ခွန်းတုံ့ပြန်လို့ဆိုပြီး အသင့်ဆောင်ထားတဲ့ ဓါးနဲ့ပြေးထိုးခဲ့လို့ လူငယ်တစ်ဦး ဓားထိုးခံရပြီး ဆေးရုံမှာ ညတွင်းချင်း ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓါးထိုးခံရတဲ့ လူငယ်ဟာ ချောင်းဝကျေးရွာက ဖြစ်ပြီး ပဲရုံဆိပ်ကျေးရွာရှိ နာရေးအိမ် အနီးက ဈေးဆိုင်ကို ည ၉ နာရီခန့်မှာ ဈေးဝယ်ပြီးအပြန် နာရေးအိမ်ရောက်ရှိနေတဲ့ ကျေးရွာရာအိမ်မှူးက ဓါးနဲ့ထိုးခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
“မင်းတို့မပြန်သေးဘူးလားမေးတော့ ကောင်လေးတွေကပြန်တော့မှာပြောတာ။ အခုပြန်ဆိုပြီး သူကဟောက်တော့ အကိုလုပ်သူက ဘာဖြစ်လို့လဲ ကျွန်တော့်ညီဘာမှားလို့လဲ လို့ပြန်ပြောတာကို ဓားနဲ့ပြေးထိုးတာ “ လို့ ဒီအကြောင်းသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီလို ဓါးနဲ့ထိုးပြီးချိန်မှာတော့ ၎င်းကအရင် သက်ဆိုင်ရာကိုဖုန်းလှမ်းဆက် လှမ်းတိုင်သေးတယ် လို့လည်း သူကဆက်ပြောပါတယ်။
ဓါးထိုးခံရတဲ့ လူငယ်ဟာ ချောင်းကြီးတိုက်နယ်ဆေးရုံမှာ ညတွင်းခြင်း ဆေးကုသမှုခံယူလိုက်ရပြီး ဓါးဒဏ်ရာအတွက် လက်ဝါးကို ၁၆ ချက်ချုပ်လိုက်ရတယ်လို့ သိရကာ ငွေ ၇ သိန်းကျပ် ပေးပြီး ကြေအေးခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်တပ်ထောက်ခံသူ ရာအိမ်မှူးမှာ ကိုသက်အောင်စိုး(ခ) ကိုသက် ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏခေါ်ဆောင်လာလေ့ရှိတဲ့အပြင် ကြက်ပွဲပြုလုပ်တာ မြင်းပွဲပြုလုပ်တာတွေလုပ်လေ့ရှိပြီး ကျေးရွာအတွင်းမှာလည်း စစ်တပ်နဲ့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။
“ လမ်းခင်းဖို့ ကြက်ပွဲလာလုပ်တဲ့ပိုက်ဆံတွေလည်း သူပဲအကုန်ယူသွားတယ်။ အဝေမတည့်ကြလို့ အခုတော့ကြက်ပွဲက ဘုရားကုန်းရွှေ့သွားပြီ “ လို့ ဒေသတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကျုံတမာကျေးရွာ ရာအိမ်မှူး ကိုသက်အောင်စိုးဟာ ညောင်တုန်းမြို့ပေါ်မှာလည်း စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ စစ်သင်တန်းအတွက် သင်တန်းမှူးလုပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပုံစာ – ရာအိမ်မှူး ကိုသက်အောင်စိုးကို မြင်ရပုံ