လုယက်မှုတွေ များပြားနေတဲ့ နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တစ်နေ့သုံးကြိမ် ကင်းလှည့်ပေးနေတယ်လို့ဆို

Author CJ Platform
Categories
Published on Apr 08, 2025

ငလျင်ဘေးအပြီး နေပြည်တော်မှာ လုယက်၊ခိုးယူမှုတွေ များပြားနေချိန် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က တစ်နေ့သုံးကြိမ် ကင်းလှည့်ပေးနေပြီး ကင်းပုန်းတွေပါ ဝပ်ကာ လုံခြုံရေးဆောင်ရွက်ပေးနေတယ်လို့ ဒီကနေ့ ဧပြီ ၈ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာ အမည်မဖော်လိုသူ ရဲမှူးကြီးတစ်ဦးဆိုသူကို ဆက်သွယ်ပြီး မေးမြန်းဖော်ပြထားတာလို့ ရေးသားထားပါတယ်။

 

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နေပြည်တော်မှာ ငလျင်လှုပ်ပြီးကတည်းက လုယက်၊ခိုးယူမှုတွေ ကြုံတွေ့နေရတယ်ဆိုတာ ကောလဟာလတွေပဲဖြစ်ပြီး လက်ရှိအချိန်ထိ လုယက် ခိုးယူခံရတယ်ဆိုတဲ့အကြောင်း တရားဝင် အမှုဖွင့် တိုင်ကြားလာတာ မရှိသေးဘူးလို့ အဲဒီရဲမှူးကြီးဆိုသူက ငြင်းဆန်ထားပါတယ်။

 

““ အခုအချိန်ထိ ကျွန်တော်တို့စခန်းတွေမှာ လာရောက်တိုင်းကြားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဒါက ကောလဟာလ လို့ ယူဆပါတယ်။ ကျွန်တော်တို့က နေ့/ည ကင်းတွေ မပြတ် လှည့်လည်ပြီး လုံခြုံရေး ဆောင်ရွက်ပေးနေပါတယ်။ လုယက်မှုတွေ ကျူးလွန်ခံရရင် တိုင်ကြားနိုင်ဖို့ ကျွန်တော်တို့ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးဖို့ အစီအစဥ်ရှိပါတယ်။ ကျွန်တော်တို့ သွားစစ်တော့ တွေ့ရတာက တုတ်/ဓား လက်နက်အချို့ကိုင်ပြီး တိုက်တွေမှာ စောင့်နေတာက ကိုယ့်ဝန်ထမ်းတွေ/ မိသားစုဝင်တွေဖြစ်ပါတယ်။ သူတို့က မသယ်ယူရသေးတဲ့ ပစ္စည်းတွေရှိနေသေးတော့ အစုအဖွဲ့အလိုက် ကင်းစောင့်နေကြတာပါ။ သူတို့ဆီကလည်း ထူးထူးခြားခြား တိုင်ကြားတာမရှိပါဘူး”လို့ အမည်မဖော်လိုသူ ရဲမှူးကြီးဆိုသူက ပြောကြားထားပါတယ်။

 

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် လူသေဆုံးမှုတွေလည်း များပြားခဲ့ပြီး စစ်ကောင်စီရဲ့ ရုံးတွေအပါအဝင် ဝန်ထမ်းအိမ်ယာ အများအပြား ပြိုကျပျက်စီးခဲ့ရပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေဟာ ယာယီမိုးကာတဲတွေနဲ့ နေထိုင်နေရပြီး ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦတွေမှာ လုယက်မှု၊ ခိုးယူမှုတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ Non CDM အသိုင်းဝန်းက ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ငလျင်ကြောင့်ပြိုကျသွားရသည့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာအချို့ကို မြင်ရပုံ