ဒုချုပ်စိုးဝင်း နန်းတော်ဦးဘုရားပေါ် ဖိနပ်နဲ့တက်တာကို စစ်ကောင်စီသတင်းစာတွေမှာ ထည့်မသုံးဖို့ ညွှန်ကြား

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ တောင်ငူမြို့ရှိ သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန် စေတီတော်ကြီးကို စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့က ဧပြီ ၇ ရက်နေ့မှာ ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းစာတွေမှာ သတင်းဓာတ်ပုံသုံးရာမှာ သတိထားသုံးဖို့ ညွှန်ကြားခဲ့ပါတယ်။
ပဲခူးတိုင်းရှိ ငလျင်ဒဏ်သင့်နေရာတွေကို သွားရောက်ကြည့်ရှုစဉ်မှာ ဒုခေါင်းဆောင်က နန်းတော်ဦး စေတီကိုသွားရောက်ကြည့်ရှုစဉ်မှာ ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့တာဖြစ်ပြီး ရွှေစံတော်ဘုရားပေါ်ကိုတော့ ဖိနပ်ချွတ်တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီလို ဒုစစ်ခေါင်းဆောင်သွားရောက်ခဲ့တဲ့ ပုံတွေကို စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ အပျက်အစီးများ ဦးစားပေးသုံးဖို့၊ နန်းတော်ဦး ဘုရားတွင် ဖိနပ်စီးထားသဖြင့် ပုံသုံးရာတွင် ဂရုပြုသုံးဖို့ မှတ်ချက်ပြု ညွှန်ကြားခဲ့တာပဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ တရားမဝင် ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိတာတွေကို မယုံကြည်ကြဖို့နဲ့ ထုတ်လွှင့်ပြန်ကြား သတင်းမှန်များဆိုကာ နေ့စဉ်နီးပါး ထုတ်လွှင့်တင်ဆက်နေတာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ ဘုရားစေတီတွေ ဘုန်းကြီးကျောင်းတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ အမြဲပြုလုပ်လေ့ရှိပေမဲ့ ဘုရားတည်ကျောင်းဆောက် သာသနာပြုနေသယောင် စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေကနေ အမြဲဝါဒဖြန့်လေ့ရှိပါတယ်။
အခုဖြစ်ပွားနေတဲ့ မြေငလျင်ဘေးဒဏ်ကြောင့် သေဆုံးထိခိုက်မှု များပြားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက အသက်ရှင် ပိတ်မိနေသူတွေကို ကယ်တင်ဖို့ထက် ဘုရားကျောင်းကန်စေတီပုထိုးတွေရဲ့ အပျက်အစီးတွေကို ရှင်းလင်းဖယ်ရှားဖို့ ဦးစားပေးလုပ်ဆောင်နေတာကို ပြည်ပနိုင်ငံတချို့က ရုပ်သံနဲ့တကွ လှောင်ပြောင်သရော်ထားတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရပါတယ်။
ဓာတ်ပုံ – pro-SAC