အင်အားပြင်း ငလျင်ကြောင့် ၉မိုင်ခန့်ထိ မြေလွှာအက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ပြီး ၁၅ပေခန့်ထိ မြေသား အံလွဲမှုတွေဖြစ်ပေါ်ခဲ့

Author CJ Platform
Categories
Published on Apr 07, 2025

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြေလွှာအက်ကွဲကြောင်းတွေဖြစ်ပေါ်လာမှုဟာ ၉ မိုင်ခန့်ရှိတယ်လို့ ကနဦးသိရပြီး အနည်းဆုံး ၂ပေကနေ ၁၅ ပေခန့်အထိ မြေသားတွေ အံလွဲသွားတယ်လို့ GeoMap-Myanmar ရဲ့ထုတ်ပြန်ထားချက်ကို ကိုးကားပြီး မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးမျှဝေထားပါတယ်။

 

ဘေးတိုက်အရွေ့များတဲ့ ပြတ်ရွေအမျိုးအစားတစ်ခုဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့က မင်းဝံတောင်ခြေရှိ ရေခါးအင်းရွာတစ်ဝိုက်မှာ အဓိကပြတ်ရွေ့အဖြစ် ရွေ့လျားသွားခဲ့ပြီး မြေလွှာအက်ကွဲကြောင်းတွေ ဖြစ်ပေါ် ခဲ့တာဖြစ်တယ်လို့ ပညာရှင်တချို့က သုံးသပ်ပြောဆိုထားပါတယ်။

“ အခုလို မြေပြင်အနေအထားပြောင်းသွားတဲ့ ပြတ်သွား ရွေ့သွားတဲ့ ဒေသတွေထဲက မှတ်တမ်းမယူနိုင်  တိုင်းတာစစ်ဆေးခြင်း မပြုနိုင်သေးတဲ့ပြတ်ရွေ့ပေါ်ကနေရာတွေ အများကြီးကျန်ပါသေးတယ်။ အခုတပါတ်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံအနှံ့ မိုးတွေ များလာနိုင်ပါမယ် “ လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာကနေ သတိပေးထားတာပါ။

 

ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ၊ ဖြိုဖျက်ရှင်းလင်းရေးလုပ်ငန်းလုပ်နေကြသူတွေအားလုံးကို မိုးများလာတဲ့အခါ မြေကျွံနိုင်တာကြောင့် အဆောက်အဦပြိုကျပြီးအန္တရာယ်ဖြစ်လာနိုင်လို့ မပြတ် သတိထားကြဖို့လည်း အသိပေးထားပါတယ်။

 

အခု စစ်ကိုင်းငလျင်ကြီးဟာ စစ်ကိုင်းတိုင်း မင်းဝံတောင်ခြေရှိ ရေခါးအင်းအောက် အရှေ့တောင်ထောင့်ကနေ ပထမမြေငလျင် အဖြစ် ၇ဒသမ၇ ရစ်(ခ်)တာစကေး နဲ့ လှုပ်ခဲ့ပြီး ဒုတိယငလျင်အဖြစ် မန္တလေးမြို့ တံတားဦးလေယာဉ်ကွင်း အနောက်မြောက်ဘက်မှာ ၆ဒသမ၄ ရစ်(ခ်)တာစကေးနဲ့ လှုပ်ခတ်ခဲ့သလို ဒုတိယမြေငလျင်နဲ့ အချိန်အတူတူမှာပင် တတိယငလျင်အဖြစ် တောင်ကြီးမြို့ အနောက်မြောက်ဖက်-ရပ်စောက်မြို့ တောင်ဖက်မှာ ၇ဒသ၁ ရစ်(ခ်)တာစကေးနဲ့ လှုပ်ခတ်သွားခဲ့တဲ့အပြင် နောက်ဆက်တွဲမြေငလျင်ပေါင်းများစွာ ရာချီလှုတ်ခတ်ခဲ့တာပါ။

မြေပြင်လေ့လာမှုတွေအရနဲ့ ဘူမိဗေဓဘာသာရပ်အရ အရည်ပျော်ခြင်း (Liquefaction) ကြောင့်  တစ်ချို့နေရာတွေ မြေသားတည်ငြိမ်မှုမရှိသေးလို့ အမြန်လမ်း တံတားတွေမှာ အပေါ်ယံ လမ်းပြန်ခင်းလိုက်တာနဲ့ သွားလို့ရပေမဲ့ တန်များတဲ့ကားတွေ မဖြတ်သင့်သေးဘူးလို့ ပညာရှင်တစ်ချို့က ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က သတိပေးထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းဖြစ်နိုင်ချေ ရာနှုန်းပြည့်ရှိပြီး မနက်ဖြန် ဧပြီလ ၈ ရက်နေ့က စတင်ကာ ငလျင်ဒဏ်သင့်ဒေသတွေမှာ မိုးရွာသွန်းနိုင်မဲ့ ဖြစ်နိုင်ချေ မြင့်တက်လာတာကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့လိုမယ်လို့ ဦးဝင်းနိုင်က သတိပေးပြောထားပါတယ်။

 

ဓာတ်ပုံ – သုံညသုခ ပရဟိတ လူငယ်အသင်း

 

ပုံစာ – အင်အားကြီးငလျင်ရဲ့ ဗဟိုချက်ဖြစ်တဲ့ ရေခါးအင်းကျေးရွာအနီးကို မြင်ရပုံ