ဧရာဝတီတိုင်းအဝင် ပန်တိုင်ဂိတ်မှာ စစ်ကောင်စီက ကုန်ကားအလွတ်တွေကို လုယက်ထား

Author CJ Platform
Categories
Published on Apr 07, 2025

ဧရာဝတီတိုင်း အဝင်မှာရှိတဲ့ ပန်တိုင်ဂိတ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ငလျင်မလှုပ်ခင်တစ်ရက်ကပင် ရန်ကုန်က အပြန် ကုန်မပါတဲ့ ကုန်တင်ကားတွေကို အကြောင်းပြချက် မပေးဘဲ ထားခဲ့ခိုင်းကာ ပြန်ပြီးဆက်သွယ်မယ်လို့ ပြောပြီး ယူဆောင်ထားလိုက်ပြီးနောက် ယနေ့အချိန်ထိ ကားတွေ ပြန်မပေးသေးဘူးလို့ ကုန်တင်ကားမောင်းသူတွေက ပြောပြပါတယ်။

 

အရေးပေါ်လိုအပ်ချက်အရ ချောဆွဲတယ်လို့ ဆိုကာ ကုန်တင်ကားကိုတော့ ဂိတ်မှာထားခဲ့ခိုင်းပြီး ကားမောင်းသူတွေကို လိုင်းကားနဲ့ ပြန်လွှတ်လိုက်ကာ ဘာကြောင့် ဘယ်လိုအသုံးပြုမယ်ဆိုတာ မသိရဘဲ ယနေ့အချိန်အထိလည်း ဆက်လက်ချောဆွဲနေတုန်းပဲလို့ သိရပါတယ်။

 

“ ဘာမှပြောလို့မရဘူး ကားထားခဲ့ခိုင်းတယ်။ ပြီးတော့လိုင်းကားနဲ့ ပြန်ခိုင်းတယ်။ ဖုန်းဆက်ပြီး အကြောင်းကြားမယ်ပဲ ပြောတာ၊ ခုချိန်ထိလည်းဘာမှ ပြန်မဆက်သွယ်ဘူး” လို့ ဒီကကြောင်းသိရှိသူ တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အခုလိုချောဆွဲထားတဲ့ကားတွေကို ဘယ်နေရာမှာ အသုံးပြုမယ်ဆိုတာ မသိရသလို ရဲစခန်းသွားမေးရာမှာလည်း သူတို့နဲ့ သက်ဆိုင်ခြင်းမရှိလို့ မေးမြန်းလို့ မရဘူးဆိုပြီးပြန်ပြောတယ်လို့ သူကဆက်ပြော ပါတယ်။

 

“ကားက ရန်ကုန်ကုန်ပို့ပြီး ပြန်လာတာ၊ ပန်တိုင်ရောက်တော့ ကုန်အလွတ်နဲ့ကားဆိုတာနဲ့ သူတို့ သုံးဖို့လိုတယ် ကားထားခဲ့လိုက် ငါတို့သုံးပြီးရင် ဖုန်းဆက်မယ် ဖုန်းနံပါတ်ပေးခဲ့လို့ပြောပြီး ကားယူထားလိုက်တာ၊ ကျွန်တော်နဲ့အတူတူ အခြားကားလေးစီးပါ သူတို့ ယူထားတာကိုတွေ့တယ်”လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ကုန်ကားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

 

ဧရာဝတီတိုင်း ပန်တိုင်အဝင်ဂိတ်မှာတော့ အစစ်အဆေးတင်းကြပ်စွာ စစ်ဆေးနေပြီး ကုန်တင်ကားတွေ အနေနဲ့ ဂိတ်ကိုဖြတ်တိုင်းငွေကြေးပေး ဖြတ်သန်းနေရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ယခင်က ကုန်တင်ယာဉ်တွေသာ ငွေကြေးပေးဖြတ်ကြရပြီး အခုအခါ ခရီးသည်တင်ယာဉ်နဲ့ ရန်ကုန်တက်ဈေးတက်ဝယ်ပြီးပြန်လာတဲ့ ကားတွေပါ ကုန်ပါလာပါက ငွေးပေးမှဖြတ်လို့ ရတာဖြစ်တယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီဟာ အာရက္ခတပ်တော်က (AA) က ဂွမြို့ကို သိမ်းပိုက်ပြီးချိန်ကစလို့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ ကုန်တင်ယာဉ်တွေကို ချောဆွဲကာ အလှည့်ကျစနစ်နဲ့ အနည်းဆုံးနှစ်စီး ထားပေးရမယ်လို့ စေခိုင်းထားပြီး မလုပ်ဆောင်တဲ့ မြို့နယ်က ကုန်ကားတွေကို ရပ်နားခိုင်းခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက ကုန်တင်ယာဉ် အလှည့်ကျ မထိုးပေးတာကြောင့် စစ်ကောင်စီဟာ ပုသိမ်မြို့ရှိ ကုန်တင်ကားတွေကို ရပ်နားခိုင်းခဲ့ပြီး ရပ်ထားတဲ့ကားတွေကို ဂွမြို့အနီးကို ချောဆွဲ ခေါ်ဆောင်သွားတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – စစ်ကောင်စီရဲ့ပန်တိုင်စစ်ဆေးရေးဂိတ်ကို မြင်ရပုံ