တောင်ခမ်းတိုက်ပွဲမှာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်တဲ့အပြင် ကျေးရွာတွေကိုလည်း ညအချိန် ဗုံးကြဲတိုက်ခိုက်

Author CJ Platform
Categories
Published on Apr 06, 2025

ရက် ၂၀ ကြာအပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်‌ကောင်စီနဲ့ တစ်လ အပစ်ရပ်မယ်ကြေညာထားတဲ့ တအာင်းတပ် TNLA တို့ နောင်ချိုမြို့ တောင်ခန်းကျေးရွာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မနေ့က မွန်းလွဲ ၂ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံး သုံးလုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

တောင်ခန်းကျေးရွာ ၉၀၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် အဆိပ်ငွေ့ဗုံးနဲ့ လာရောက်ကြဲချ  တိုက်ခိုက်ခဲ့တာအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နောင်ချိုမြိုနယ်၊ နောင်လင်ကျေးရွာနဲ့ နမ့်ဆောင်ဟူးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၃)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီဟာ ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်မှာ အင်အားဖြည့်တင်းခြင်း၊ တိုက်ပွဲများအတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများမဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီရဲ့ မနေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်လင်ကျေးရွာနဲ့ နမ့်ဆောင်ဟူးကျေးရွာက နေအိမ် ၄ လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပြီး ပြင်းအား ၇ဒသမ၇ ရှိတဲ့ စစ်ကိုင်းငလျင်လှုပ်ခတ်နေချိန်မှာလည်း နောင်လင်ကျေးရွာကို ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ် (၃)လုံးနဲ့ စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဧပြီ ၁ ရက်ကနေ ဧပြီ ၃၀ ရက်နေ့အထိ တစ်ဖက်သတ်အပစ်ရပ်စဲကာ ခုခံတုံပြန်မှုကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်မှာ မဟုတ်ကြောင်း ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပြီးနောက် စစ်ကောင်စီကလည်း ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ကာလအဖြစ်သတ်မှတ်တယ်လို့ ဧပြီ (၂) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီဟာ မတ်လ ၂၈ ရက်နေ့နောက်ပိုင်းမှာကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေကို နိုင်ငံတဝှမ်းလုပ်ဆောင်နေသလို အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေ ဆက်လက်လုပ်တောင်နေဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA