နောက်ဆက်တွဲ မြေငလျင်တွေ တောင်ဘက်ပိုင်းကို ဆက်လက်ရွေ့လျားလာ

အင်အား ၇ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ရဲ့ နောက်ဆက်တွဲ မြေငလျင်ငယ်တွေအဖြစ် ဆက်လက်လှုပ်ခတ်နေပြီး မြန်မာနိုင်ငံတောင်ဘက်ပိုင်းကို ဆက်လက်ရွှေ့လျားနေတယ်လို့ မြေငလျင်စင်တာရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
နှစ်ပေါင်း ၁၈၀ ကျော်အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ဒီငလျင်ဟာ လက်ရှိအချိန်အထိ ငလျင်ငယ်တွေ ဆက်တိုက်လှုတ်ခတ်နေပြီး တောင်ဘက်ပိုင်းဒေသတွေကိုရွေ့ပြီး လှုပ်ခတ်နေတာလို့ သိရပါတယ်။
မြေငလျင်ကြီးလှုပ်ခတ်ပြီးနောက် မွန်းလွဲ ၂ နာရီခွဲအချိန်အထိ ရွှေဘို၊ မတ္တရာ စတဲ့ဒေသတွေကို ဗဟိုပြုပြီး နောက်ဆက်တွဲမြေငလျင်တွေအဖြစ် အင်အား ၄ ဒသမ၅နဲ့ ၄ ဒသမ ၇ အဆင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲမြေငလျင်တွေဟာ တောင်ဘက်ပိုင်းကို ဆက်လက်ရောက်ရှိလာပြီး ဒီကနေ့ရဲ့ ညနေ ၄ နာရီခွဲအချိန်အထိ ပဲခူးအနီးကိုရောက်လာပြီလို့ မြေငလျင်သတင်းတွေအရသိရပြီး နောက် ၁၂ နာရီအတွင်း အထူးသတိပြုနေကြဖို့ကိုလည်း မြေငလျင်ပညာရှင်တချို့က သတိပေးထားပါတယ်။
နောက်ဆက်တွဲငလျင်ငယ်တွေဟာ တောင်ဘက်ပိုင်းကို ဆက်လက်ရွေ့လျားလာမယ်ဆိုပါက ရန်ကုန်မြို့ဟာ စိုးရိမ်စရာရှိနိုင်တယ်လို့ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားနေကြတာကိုတွေ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူးတိုင်းတို့ကို စစ်ကောင်စီကတော့ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပါတယ်။
အလွန်အားပြင်းတဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလှုပ်ခတ်နိုင်တာကြောင့် ယိုင်နဲ့သွားတဲ့ အဆောက်အအုံတွေထဲမှာ ဆက်မနေကြဖို့၊ ငလျင်ကြောင့် ဆည်တာတမံတွေ အက်ကွဲမှုရှိမရှိ စစ်ဆေးပြီး လိုအပ်ရင် ကြိုတင်ရွှေ့ပြောင်းကြဖို့နဲ့ အချို့ဒေသတွေမှာ ငလျင်ကြောင့် သဲအရည်ပျော်ခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကလည်း ထုတ်ပြန်သတိပေးထားပါတယ်။
#CJPlatform #ငလျင်