ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲရောက်ခဲ့သူ တပ်သားနှစ်ဦးနဲ့ တပ်ကြပ်တစ်ဦး တံတားဦး ပကဖဆီ အလင်းဝင်

အမျိုးသားညီညွတ်ရေးအစိုးရ အမှတ်(၁) စစ်ဒေသ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲ ရောက်ခဲ့ရသူ တပ်သားနှစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ တံတားဦး ပကဖက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်း အပတ်စဉ် (၇)မှာ တပ်သားစုဆောင်းခံရသူ တပ်သားကျော်အောင်နဲ့ တပ်သားဗြားကြီးဟာ မတ်လ ၁၃ရက်နေ့မှာ တံတားဦး ပကဖဆီ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ တပ်ကြပ်အဆင့်ရှိသူ အောင်မိုးဟာ MA1 တစ်လက် ၊ ကျည် ၁၆၂ တောင့်၊ ဗုံးသီး ၂လုံး၊ နင်းမိုင်း ၁ လုံး၊ G3 ကျည် ၁၀တောင့်၊ MA1 ကျည်ဘောက် ၃ခုတို့နဲ့အတူ ထပ်မံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လာသူတွေကို တံတားဦးပကဖက ဆုငွေတွေ ချီးမြှင့်ခဲ့ပြီး သူတို့ရဲ့ ဆန္ဒအရ လွတ်မြောက်နယ်မြေတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – တံတားဦး ပကဖ