မိုးဗြဲမှာ ရှေ့တန်းကင်းစခန်းတစ်ခု တော်လှန်ရေးတပ်တွေ ဆုတ်ပေးရပြီး နောက်တစ်နေ့ပြန်ရယူ

Author CJ Platform
Categories
Published on Mar 15, 2025

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုးဗြဲကို စစ်ကောင်စီက မတ်လ ၁၃ ရက်နေ့က  ထိုးစစ်ဆင်တိုက်ခိုက်လို့ ရှေ့တန်းကင်းစခန်းတချို့ လက်လွှတ်လိုက်ရပေမဲ့ နောက်တစ်နေ့မှာ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ပြန်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်ခွာသွားရတယ်လို့ KNDF က ဒီကနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။

 

စစ်ကောင်စီက လူအင်အား လက်နက်အင်အား များစွာနဲ့ ဒရုန်း၊လက်နက်ကြီးတွေကို များစွာအသုံးပြုလာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ ဆုတ်ခွာပေးခဲ့ရတာဖြစ်ပြီး နောက်တစ်နေ့ မတ်လ ၁၄ ရက်နေ့မှာ ပြန်လည် တိုက်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲဝင် ၁၅ ဦးသေဆုံးပြီး တိုက်ပွဲအတွင်း လက်နက် ၉ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ သိရှိရပါတယ်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတ်ငွေ့ဗုံးတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပြီး မီးလောင်ဗုံး အသုံးပြုတိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့ပေါ်ရပ်ကွက်အတွင်းက နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုများဖြစ်ကြတဲ့ ရှမ်းတောင်စစ်ဒေသခွဲ အမှတ်(၁)ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နဲ့ အခြားတပ်ပေါင်းစုများမှ KNDF/B-03ရဲ့ ရဲဘော်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့သိရှိရပြီး ကျဆုံးမှုအတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်း ဆိုထားပြီး အာဏာရှင်ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမယ်လို့  ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Karenni Nationalities Defence Force – KNDF – Pekhon Zone