ငပုတောမှာ စစ်မှုထမ်းလူစားထိုးအတွက် ကောက်ခံတဲ့ ဈေးနှုန်းတွေတက်လို့ ဒေသခံတွေ အခက်တွေ့နေ

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဒေါင့်ကြီးကျေးရွာမှာ အခုမတ်လက စတင်ကာ စစ်မှုထမ်းလူစားထိုးဖို့ ကောက်ခံတဲ့ ဈေးနှုန်းတွေ တက်သွားသလို လစဉ်ကောက်ခံသွားမှာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းအရွယ်ရှိသူရော မရှိတဲ့ အိမ်တွေကိုပါ ကောက်ခံတာဖြစ်ပြီး ယခင် ၂ လ ၃ လ တစ်ကြိမ် ကောက်ခံနေရာ ကနေ လစဉ်ကောက်ခံသွားမှာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ပြောဆိုနေတာလို့ ဆိုပါတယ်။
“ စစ်မှုထမ်းထောက်ပံ့ကြေးထဲ သားရှိတဲ့အိမ်က တစ်အိမ်ကို တစ်လ ငါးသောင်း၊ မရှိတဲ့ အိမ်က ၂ သောင်းထည့်ရမယ်ဆိုပြီး ခွဲတမ်းချထားတယ်” လို့ ငပုတောမြို့နယ် ဒေါင့်ကြီးကျေးရွာက ဒေသခံအမျိုးသား တစ်ဦးက CJ Platform ကိုပြောပါတယ်။
ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာတချို့က စစ်မှုထမ်းပါသွားသူတွေ အဆက်အသွယ်ပြန်မရပဲ တချို့ ရှေ့တန်းမှာ သေဆုံးကြတယ် ဆိုတဲ့ သတင်းကြောင့် ကျေးရွာတွေက လူငယ်အများစုဟာ စစ်မှုထမ်းဖို့ ကြောက်ရွံ့နေကြပြီး နည်းအမျိုးမျိုးနဲ့ စစ်မှူထမ်းရှောင်နေကြတယ်လို့လည်းသိရပါတယ်။
မြင့်မားလာတဲ့ ကုန်ဈေးနှုန်းကြောင့် လစဉ်ထည့်ဝင်ရမယ်ဆိုပါက ဝင်ငွေနည်းပါးသူတွေအတွက် အခက်အခဲဖြစ်နေရတာဖြစ်ပြီး မပေးဆောင်ပါက စစ်မှုထမ်းဖို့ လိုက်ရမယ်ဆိုကာ အုပ်ချုပ်ရေးမှူးအဖွဲ့က ဖိအားပေးထားတယ်လို့လည်း ဒေသခံအမျိုးသမီးတစ်ဦးဆီကနေ သိရပါတယ်။
“ ဖိအားပေးတာက အရင်ထဲကပါ မပေးနိုင်ရင်လိုက်ရမယ်ပဲ ပြောနေတာ။ အခုက အုပ်ချုပ်ရေးမှူးအသစ်ရော အဟောင်းရော နှစ်ယောက်စလုံးက ပါနေတာ” လို့ ငပုတောဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်နေတာကြောင့် ကိုယ်လုပ်တာကိုယ်မစားရပဲ စစ်မှုထမ်းကြေးထည့်နေရသလို ဖြစ်နေပြီး ငွေကြေးမတတ်နိုင်သူရော တတ်နိုင်သူပါ ထည့်နေရပေမဲ့ စစ်မှုမထမ်းရဖို့ အာမခံချက်မရှိဘူး ဖြစ်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကြောင်းပြကာ အဓမ္မတပ်သားသစ်စုဆောင်းရေးတွေမှာ ၎င်းတို့ခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပြည်သူလူထုအပေါ် လာဘ်စားမှု၊ ဖိနှိပ်ခြိမ်းခြောက်မှုတွေ ပိုမိုလုပ်ဆာင်လာပေမဲ့ စစ်ခေါင်းဆောင်တွေက မျက်ကွယ်ပြုပေးထားပါတယ်။
ဓာတ်ပုံ – pro-SAC
ပုံစာ – စစ်သင်တန်းတက်ရန် လူငယ်များကို ပို့ဆောင်နေပုံ