လစဉ် (၁၃)ရက်နေ့တိုင်း စစ်ကောင်စီကို ကျိန်စာတိုက်မယ်

လစဉ် (၁၃) ရက်နေ့တိုင်း စစ်ကောင်စီနဲ့ Non CDM ဝန်ထမ်းတွေကို ကျိန်စာတိုက်သွားမယ်လို့ CDM ရဲတပ်ဖွဲ့ဝင်တွေ စုစည်းဖွဲ့စည်းထားတဲ့ Myanmar Police CDM Channel MPCC က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာခဲ့ပါတယ်။
MPCC အဖွဲ့ဟာ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်မှာ CDM လုပ်ဆောင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စုစည်းပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အဖွဲ့ဦးဆောင်သူတွေဟာ ဆက်သွယ်လိုင်းဖြတ်တောက်ခံထားရတဲ့ နေရာတွေကို ရောက်ရှိနေတာ၊ တချို့ဟာ မိသားစုစားဝတ်နေရေးအတွက် အလုပ်ကိုင်တွေ လုပ်ကိုင်နေရတာ၊ လက်နက်ကိုင်တော်လှန်ရေးအတွက် လုပ်ဆောင်နေရတာကြောင့် အဖွဲ့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီးနောက်မှာ အခုလို ပြန်လည် စတင်လည်ပတ်တာဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“လစဉ်(၁၃) ရက်နေ့တိုင်းတွင် နိုင်ငံတော်၏ အာဏာကို မတရားရယူထားသော စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက်တိုင်များဖြစ်သော Non CDM ဝန်ထမ်းများအား ကျိန်စာတိုက်ခြင်း လူထုသပိတ်လှုပ်ရှားမှုအား မိမိတို့ MPCC မှ ဦးဆောင်၍ ပြုလုပ်သွားမည်”လို့ MPCC က ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေကို ချိုးနှိမ်ဆက်ဆံတာ၊ ဂုဏ်သိက္ခာပိုင်း မတရားပြောဆိုခံနေရတာတွေကိုလည်း MPCC ကစုံစမ်းဖော်ထုတ်ပြီး မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။