နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီ အရာရှိ နှစ်ဦးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးရမိ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၉ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က အရာရှိနှစ်ဦး အပါအဝင် ၁၄ ဦးဖမ်းဆီးရမိတယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နွားထိုးကြီးမြို့နယ် ကျတွင်းဘိုးရွာ အနောက်တောင်ဘက်မှာ ဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်လာရောက် တိုက်ခိုက်ခဲ့ပေမဲ့ အရာရှိနှစ်ဦးဖြစ်တဲ့ ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကိုတို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၂၅ ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့သူနဲ့ ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်မ ၁၀၁ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပြီး စတင် ထွက်ခွာလာစဉ်က အင်အား ၂၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်) စုစုပေါင်း လက်နက် (၄၄) လက်သိမ်းဆည်းရမိတယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်ထဲပါဝင်ပါတယ်။
ဒါ့အပြင် 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပို့ကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး၊ ဆက်သွယ်ရေးစက် (၂) လုံး သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ ၁၀၊ နွားထိုးကြီးမြို့နယ် ပကဖ နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အမှတ်(၁) စစ်ဒေသ