ငလျင်ကြောင့် မအူပင်မြို့ရှိ စိမ်းမြကန်သာဘုရား ပြိုကျပျက်စီးမှုတွေဖြစ်

Author CJ Platform
Categories
Published on Mar 05, 2025

ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ဒီကနေ့ မနက် ၄ နာရီ ၃၆ မိနစ်မှာ လှုပ်ခတ်သွားတယ်လို့ စစ်ကောင်စီမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပြီး မအူပင်မြို့ရှိ စိမ်းမြကန်သာဘုရား ပြိုကျပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

 

ငလျင်ဟာ မအူပင်မြို့ နဲ့ပိုနီးကပ်ပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိငလျင် လှုပ်ခတ်ခဲ့ကာ နောက်ဆက်တွဲ ငလျင်တွေအဖြစ် ညောင်တုန်းမြို့ရဲ့  ၁၀ မိုင်အကွာ၊ ၂၃ မိုင်အကွာ၊ ၂၅ မိုင်အကွာ တို့ကို ဗဟိုပြုပြီး ထပ်မံလှုပ်ခတ်သွားတယ်လို့ စစ်ကောင်စီမိုးဇလက ဆိုပါတယ်။

“ ၇ ခါလောက်ရှိတယ် လှုပ်တာ။ ၃ ခါလောက်က တော်တော်ပြင်းတယ်။ မြို့ထဲကတစ်ချို့အိမ်တွေဆို နံရံတွေပြိုကျတာမျိုးတွေရှိတယ်” လို့ မအူပင်မြို့မှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

ဒါ့အပြင် မအူပင်မြို့က အမှတ်(၂)ရပ်ကွက် စိန်ဟင်္သာကျောင်းတိုက်အုပ်တံတိုင်း ပေ ၁၀၀ နီးပါးပြိုကျခဲ့တဲ့အပြင် ဆွမ်းစားစောင်မျက်နှာကျက်လည်း အနည်းငယ် ကွာကျတာတွေရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

 

အဲဒီငလျင်ရဲ့ အရှိန်ကြောင့် မအူပင်မြို့ရဲ့ စိမ်းမြကန်သာ ဘုရားက ၁၀၈တောင် အဆောက်အအုံ တခြမ်းပြိုကျတာ မှန်တံခါးတွေကွဲကုန်တာ စေတီအက်ကြောင်းဖြစ်ခဲ့တာအပြင် အဆောက်အအုံ တချို့ပြိုကျတာတွေ ဖြစ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်အကွာမှာ အနက် ၁၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ ရှိငလျင်တစ်ခု၊ အနောက်တောင်ဘက် ၂၃ မိုင်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ ရှိငလျင်တစ်ခုနဲ့ အရှေ့ဘက် ၂၅ မိုင်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၁ ရှိငလျင်တစ်ခု နောက်ဆက်တွဲငလျင်တွေအဖြစ် လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ မိုးဇလကထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ (၃) ရက်နေ့ကလည်း ဖျာပုံမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာမှာ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်