စစ်တပ်ထောက်ခံတဲ့ ကျေးရွာလည်း ပေါ်တာဆွဲခံရလို့ မထောက်ခံတော့

တစ်ရွာလုံးနီးပါး စစ်ကောင်စီကို အားပေးထောက်ခံခဲ့တဲ့ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် မောင်းစုကျေးရွာက လူငယ်တစ်ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်လောက်က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြည်သူ့ စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းလိုက်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျေးရွာတာဝန်ရှိလူကြီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး မိဘတွေက သွားရောက်ညှိနှိုင်းခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
” စစ်မှုထမ်း ဥပဒေထွက်လာတုန်းကတော့ လိုက်သင့်တယ် လိုက်ရမယ်နဲ့ ကြွေကြော်ခဲ့ကြတာလေ။ သွားတဲ့သူတွေလည်း ပြန်မလာပဲ အဆက်အသွယ်မရဖြစ်တော့ အခုလိုက်မယ့်သူမရှိတော့ဘူး။ ဖမ်းသွားတော့ လိုက်ညှိကြသေးတယ် ပြန်မလွှတ်တော့ဘူးလေ” လို့ အဲဒီအကြောင်းသိရှိသူ အသက် ၃၀ ကျော် ဒေသခံအမျိုးသမီး တစ်ဦးက CJ Platform ကိုပြောပါတယ်။
ဒါ့အပြင် ညောင်တုန်းမြို့ အမှတ် ၈ ရပ်ကွက်မှာလည်း နေအိမ်မှာ စကားများရန်ဖြစ်လို့ဟုဆိုကာ လူငယ်တစ်ဦးကို ဖမ်းဆီးသွားခဲ့ရာကနေ စစ်မှုထမ်းဖို့ တပ်သားသစ်စုဆောင်းသွားတယ်လို့လည်း သိရပါတယ်။
ဧရာဝတီတိုင်းအစပ်မှာ တိုက်ပွဲတွေ ဖြစ်လာချိန် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသုံးချကာ လူငယ်တွေကို ဖမ်းဆီးပြီး တပ်သားသစ်အဖြစ် ခပ်စိတ်စိတ်ပြုလုပ်လာနေတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းအစားဖို့ စစ်မှုထမ်းဈေးကွက်အတွင်းမှာလည်း လူတစ်ဦးကို သိန်းတစ်ရာကျော် ပေါက်ဈေးရှိနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းက ညောင်တုန်းက လူငယ် နှစ်ဦးကို အုပ်ချုပ်ရေးမှူးအချင်းချင်း ချိတ်ဆက်ကာ ကျိုက်လတ်မှာ ရောင်းချတာမျိုးရှိပြီး ကျိုက်လတ်က စစ်မှုထမ်းသွားရမယ့်သူ နှစ်ဦးကို ပြေးခိုင်းထားတယ်လို့ ကျိုက်လတ်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဧရာဝတီတိုင်းတွင်း စစ်မှုထမ်းလူစားထိုးရာမှာလည်း ဧရာဝတီတိုင်းအတွင်းကသာ လူစားထိုးလို့ရတော့တယ်လို့သိရတဲ့အပြင် စစ်မှုထမ်းဖို့ သွားရောက်ခေါ်ဆောင်ရာမှာ ညအချိန်ခေါ်ဆောင်ဖို့ နှုတ်မိန့်ရှိထားတယ်လို့လည်း စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းရမယ့်သူတွေကို မဲနှိုက်ရွေးချယ်တာမျိုး လုပ်ဆောင်မှာ မဟုတ်တော့ပဲ အုပ်ချုပ်ရေးပိုင်းက ရွေးချယ်ကာ စစ်မှုထမ်း ဆင့်ခေါ်စာကို ပေးပို့သွားမှာဖြစ်ပြီး ကျုံပျော်မြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ကာ ဆင့်ခေါ်စာတွေ ပေးပို့နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁၀ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့အပြင် အခုအခါ အပတ်စဉ် ၁၁ အတွက် တပ်သားသစ်တွေ ကြိုတင် စုဆောင်းနေတာပါ။
ဓာတ်ပုံ – pro-SAC
ပုံစာ – စစ်ကောင်စီမှ လူငယ်များကို စစ်သင်တန်းပေးနေပုံ