လင်းတဲကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ဒေသခံအရပ်သားတစ်ဦး သေဆုံး

မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းပေါ်မှာရှိတဲ့ လင်းတဲကျေးရွာကို စစ်ကောင်စီက မတ်လ ၃ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ မနက် ၉ နာရီခန့်မှာ ဒရုန်းအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် ၄လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ရွာထဲက စစ်ဘေးမရှောင်ပဲ ကျန်နေတဲ့သူတွေရှိတယ်။ နတ်ရေကန်ကုန်းကနေ တိုက်ခိုက်တာ၊ ဗုံး ၅ လုံးထက်မနည်း ပေါက်ကွဲခဲ့ပါတယ်” လို့ အဲဒီအကြောင်းသိရှိထားသူ ဒေသခံတစ်ဦးက CJ Platform ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတော့ မရရှိဘူးလို့ သူကဆက်ပြောပါတယ်။
လင်းတဲကျေးရွာဟာ နတ်ရေကန်ဗျူဟာကုန်းရဲ့ အောက်မှာရှိနေပြီး ဒေသခံအများစုက စစ်ရှောင်နေကြပေမဲ့ စစ်မရှောင်ပဲ ကျန်ခဲ့တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက နတ်ရေကန်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့လည်း စစ်ကောင်စီက လင်းတဲကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက် ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် ချင်းအမျိုးသားနှစ်ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီဒဏ်ရာရရှိသူတွေထဲ စိုးရိမ်ရတဲ့သူတွေကို မကွေးဆေးရုံ မင်းဘူးဆေးရုံကို အရေးပေါ်အခြေအနေနဲ့ ပို့ဆောင်ထားခဲ့ရပြီး လက်ရှိမှာ ဆေးကုသမှုဖို့ ငွေကြေးမလုံလောက်တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။