ယောအမျိုးသားနိုင်ငံရေး ဖော်ဆောင်နိုင်ဖို့ ယောဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့ကို အပြီးတိုင် ဖျက်သိမ်း

Author CJ Platform
Categories
Published on Mar 03, 2025

မကွေးတိုင်းယောဒေသရှိ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေနဲ့ ယောအမျိုးသားနိုင်ငံရေး ဖော်ဆောင်နိုင်ဖို့  မတ်လ ၂ ရက်နေ့ မနေ့က စတင်ကာ အပြီးတိုင်ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ YPDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တော်လှန်ရေးတပ်ဖွဲ့တွေသာမက ဒေသတွင်း ပြည်သူလူထုကပါ အသိအမြင် နိုးကြားသန္ဓေတည်လာခဲ့ကြပြီ ဖြစ်တာကြောင့် ယောအမျိုးသားနိုင်ငံရေးကို ညီညီညာညာ စုစုစည်းစည်းနဲ့ ဆောင်ရွက်ဖို့ အချိန်ရောက်ရှိနေပြီ ဖြစ်လို့ အခုလိုဖျက်သိမ်းလိုက်တာ  လို့ဆိုပါတယ်။

ယောအမျိုးသားနိုင်ငံရေးမှာ လက်တွေ့ကျတဲ့ စစ်ရေး၊ နိုင်ငံရေး အကောင်အထည်ဖော်ရာမှာ တပ်ဖွဲ့အမည်နဲ့ ဆက်လက်တည်ရှိဖို့ မလိုအပ်တော့တာကြောင့်လည်း ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

ဖေဖော်ဝါရီလ ဒုတိယအပတ်ထဲမှာကျင်းပခဲ့တဲ့ တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်အရ တပ်ဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ တော်လှန်ရေးကနေ သွေဖယ်သွားမှာမဟုတ်ပဲ ယောအမျိုးသားနိုင်ငံရေးကို စုစည်းညီညွတ်တဲ့ အခင်းအကျင်းနဲ့ ပိုမိုကောင်းမွန်တဲ့ အရွေ့ကို တပ်ဖွဲ့ဝင်အားလုံး ဆက်လက်ဆောင်ရွက်နေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ယောဒေသတွင်းမှာ ယောတပ်တော်(YA) က တစ်ခုထဲသော ယောတပ်တော်အဖြစ် ဖွဲ့စည်းသွားဖို့ ဒေသတွင်းအင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖိတ်ခေါ်ထားခဲ့ပါတယ်။

 

ဒီကြောင်းနဲ့ ပတ်သတ်ပြီး CJ Platform က ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုမေးမြန်းရာခဲ့ရာ YPDF ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ယောတပ်တော် YA နဲ့ ညှိနှိုင်းဆွေးနွေးထားတာတွေလုပ်ဆောင်နေပြီး အခြေခံမူတွေတော့ သဘောတူထားပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖြေကြားထားပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကို ၂၀၂၁ ခုနှစ် မတ်လကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး ဖယ်ဒရယ် ဒီမိုကရေစီရရှိရေးအတွက်  ပြည်သူများထိခိုက်နစ်နာမှုမရှိအောင် ရှောင်ရှားခဲ့ကာ စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ပြီး ယောဒေသလုံခြုံရေးကို ယောအမျိုးသားနိုင်ငံရေးအဖြစ် အစဉ်တစိုက်လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

၂၀၂၁ ခုနှစ်ကနေ ဒီကနေ့အချိန်အထိ လေးနှစ်တာကာလအတွင်း ယောဒေသအတွင်း လုံခြုံရေး၊ ကာကွယ်ရေး၊ စစ်ကောင်စီအင်အားပြုန်းတီးရေး၊ စစ်ကောင်စီ လှုပ်ရှားနယ်မြေ ကျဉ်းမြောင်းရေး စတဲ့ကိစ္စရပ်တွေ ဆောင်ရွက်ခဲ့ရာမှာ တပ်ဖွဲ့ဝင်ရဲဘော် ၆ ဦးအသက်ပေးလှူခဲ့ရပြီး ၃ ဦး ခြေလက်အင်္ဂါစွန့်လွတ်ခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

 

တပ်ဖွဲ့ကို ထောက်ပံ့ကူညီဖေးမခဲ့ကြတဲ့ ပြည်သူလူထုများ၊ တပ်ဖွဲ့ဝင်များ၊ မဟာမိတ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနဲ့ ရဲဘော်ရဲဘက်အားလုံးကို တပ်ဖွဲ့ကနေ ကျေးဇူးအထူးတင်ရှိပြီး မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ချက်ထဲ နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

 

ဒါ့အပြင် စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းနဲ့ မိသားစုဝင်တွေကိုလည်း တပ်ဖွဲ့အနေနဲ့ ဦးညွတ်အလေးပြုတယ်လို့ဆိုထားပြီး ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အမည်နဲ့ စစ်ရေး၊ နိုင်ငံရေး စတဲ့ကိစ္စရပ်တွေအပြင် အလံ၊ အမည်၊ တံဆိပ် အလွဲသုံးစားပြုခြင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ယူ ဖြေရှင်းသွားမှာ မဟုတ်တော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

 

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ဟာ ယောဒေသလွတ်မြောက်ရေးတပ်ပေါင်းစု (YRLA) ကနေ ယောအမျိုးသားနိုင်ငံရေးကို လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းနေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က  နုတ်ထွက်ခဲ့ပါတယ်။

 

ဓာတ်ပုံ – YPDF