ဥသျှစ်ပင်မှာ ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိ

Author CJ Platform
Categories
Published on Feb 28, 2025

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ဘူးဘတ်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့မနက် ၁ နာရီဝန်းကျင်က ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိတဲ့ WY အပါအဝင် စိတ်ကြွမူးယစ်ဆေးဝါးတွေကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

 

ဘူးဘတ်ကျေးရွာရဲ့ သုသာန်အနီးမှာ အိမ်စီးကား (Probox) တစ်စီးနဲ့ တရုတ်နိုင်ငံထုတ် လိုက်ထရပ်ကား တစ်စီးတို့ကို စစ်ဆေးရာကနေ ဖမ်းဆီးမိတာဖြစ်ပြီး မင်းတုန်းမြို့နယ်ကနေ အုပ်သျှစ်ပင်မြို့ကို မောင်းနှင်လာတဲ့ ကားတွေဖြစ်တယ်လို့ သိရပါတယ်။

 

“ မကွေးတိုင်းကနေ ပဲခူးတိုင်းထဲအထိရောက်လာတာ၊ မင်းတုန်းကကားတွေ။ ပြသနာက နည်းနည်းတော့ရှုပ်တယ် အကောင်ကြီးတွေနဲ့ ဆက်နွယ်နေတယ်လို့လည်း အသံထွက်နေတယ်” လို့ အဲဒီအကြောင်းသိရှိသူ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အမှုနဲ့ ပတ်သတ်ပြီး ကားပေါ်ပါလာတဲ့ အသက် ၄၀ ကနေ ၅၀ ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး၊ အမျိုးသား ငါးဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

ပန်းတောင်းမြို့နယ် ရွှေပြည်သာကျေးရွာမှာလည်း ပြီးခဲ့တဲ့နှစ် ဇွန် ၁၆ ရက်က တန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၁ ဒသမ ၆ သိန်း ကို စစ်ကောင်စီက ဖမ်းစီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

 

အဲဒီဖမ်းဆီးရရှိမှုနဲ့ပတ်သတ်ပြီး နောက်ဆက်တွဲ ပတ်သက်ဆက်နွယ်မှုတွေကို ၅ လကြာ စုံစမ်း ဖော်ထုတ်အပြီးမှာတော့ ပြည်ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်နိုင်နဲ့ ရဲအုပ်ဗလအောင်ကျော်စိုးတို့ပါဝင်ခဲ့လို့ ဖမ်းဆီးအရေးယူထားတာတွေရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်