အဖွဲ့အမျိုးမျိုးကွဲနေတဲ့ ချင်းလူမျိုးတွေညီညွတ်ဖို့ ချင်းအမျိုးသားကောင်စီ ဖွဲ့တော့မယ်

Author CJ Platform
Categories
Published on Feb 27, 2025

ချင်းပြည်အတွင်း နှစ်ဘက်ကြား သဘောထားကွဲလွဲနေခဲ့တဲ့ ချင်းပြည်ကောင်စီ ( Chinland Council ) နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ဖေဖော်ဝါရီ ၂၆ မနေ့က ရက်စွဲနဲ့ ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက် တစ်စောင် ထုတ်ပြန်လာပါတယ်။

 

ချင်းပြည်သူတွေအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းက မဖြစ်သ့င်ဘူးလို့ နှစ်ဖက်ယုံကြည်ချက်အရ ကောင်စီအသစ်တစ်ရပ် ပေါင်းစည်းဖွဲ့စည်းကြဖို့ သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။

 

ကောင်စီအသစ်ကို “ ချင်းအမျိုးသားကောင်စီ”အဖြစ် သဘောတူခဲ့ကြပြီး ကောင်စီ အမြန်ဆုံး ပေါ်ပေါက်နိုင်ဖို့နဲ့ ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းဖို့ရှိတယ်လို့လည်း သိရပါတယ်။

 

အဲဒီသဘောတူညီချက်ကို ချင်းပြည်ကောင်စီတာဝန်ရှိသူတွေနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားပါတယ်။

 

ပဋိပက္ခနဲ့ ပြဿနာတွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ချင်းညီနောင်/ICNCC အစုအဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) / CC အစုဖွဲ့အတို့အကြား တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ချင်းပြည်သူတွေက တိုက်တွန်းကြတဲ့ အခြေအနေကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၁ ရက်နေ့က နှစ်ဘက်ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး သဘောတူညီမှု စတင်ရရှိခဲ့ကြတာပါ။

 

အစုဖွဲ့နှစ်ခုအကြား တွေဆုံပွဲကို Zo Reunification Organization(ZORO) ဦးဆောင်မှုနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် အိုင်ဇောလ်မြို့တွင် ပြုလုပ်ခဲ့ရာ နောက်နောင် နှစ်ဖက်အဖွဲ့အစည်း အကြား သဘောထားကွဲလွဲမှု ရှိလာခဲ့ပါက လက်နက်နဲ့ ဖြေရှင်းတဲ့ နည်းလမ်းကို အသုံးမပြုဖို့ အပါအဝင် အချက် ၅ ချက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။

 

အခုလို ချင်းအမျိုးကောင်စီအဖြစ်  ချင်းလူမျိုးတွေ စည်းလုံးညီညွတ်ရေးအတွက် သဘော တူညီချက်တွေအပေါ် ချင်းပြည်သူအားလုံးက ဝမ်းမြောက်စွာ ကြိုဆိုကြဖို့ကိုလည်း နှစ်ဘက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ အသိပေးတိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – Chinland Council