စစ်မှုထမ်းလူငယ် မပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ဖမ်းဆီးနေ

Author CJ Platform
Categories
Published on Feb 27, 2025

ဧရာဝတီတိုင်းထဲက မြို့နယ်အချို့မှာ စစ်မှုထမ်းဥပဒေအရ လူမပေးနိုင်တဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အခုဖေဖော်ဝါရီလလယ်ကစလို့ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးနေရာမှာ ပန်းတနော်၊ ဟင်္သာတ၊ ကျိုက်လတ်မြို့နယ်တွေက အုပ်ချုပ်ရေးမှူးတွေ အဖမ်းခံရတာဖြစ်ပြီး အဖမ်းခံရတဲ့ အုပ်ချုပ်ရေးမှူးကို အကျယ်ချုပ် ဖမ်းဆီးထားတာဖြစ်တယ်လို့ အဲဒီကဒေသခံတွေကပြောပါတယ်။

 

“ ပန်းတနော်မှာက ပုဇွန်တောင်ကျေးရွာအုပ်ကြီးကတော့ အဖမ်းခံထားရတယ်၊ အုပ်ကြီးအယောက် ၂၀ လောက် အဖမ်းခံရတယ်လည်းကြားတယ်။ လူပြည့်အောင် မပေးနိုင်တဲ့အုပ်ကြီးတွေကိုဖမ်းတာ “ လို့ ပန်းတနော်မြို့နယ်ရှိ အသက် ၃၀ ကျော်အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် စီးပွားရေးအဆင်မပြေတဲ့ကြားကနေ စစ်မှုကြေးကို လစဉ်ပေးသွင်းနေရတာဖြစ်ပြီး လကုန်ရက်ရောက်လာမှာကို ကြောက်မိတယ်လို့ သူမကဆိုပြီး စစ်မှုထမ်းအပတ်စဉ် ၄ သွားရောက်ခဲ့တဲ့ သူမရဲ့ မောင်တွေလည်း ရခိုင်ဘက်ရောက်တယ်လို့သာ ကြားလိုက်ရပြီး အခုအချိန်အထိ ဘာသတင်းမှ မကြားရတော့ဘူးလို့ သူမက ဆက်ပြောပါတယ်။

 

အဲဒီလို စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းခြင်းခံလိုက်ရတဲ့ ကျိုက်လတ်မြို့နယ် မိသလင်ကျေးရွာအုပ်စုနဲ့ ကိုင်းချောင်းကျေးရွာအုပ်စုတွေက လူငယ်တွေလည်း ရှေ့တန်းမှာ တိုက်ပွဲကျသွားပြီဖြစ်တာကြောင့် စစ်မှုထမ်းဖို့ကို လူငယ်တိုင်းကြောက်ရွံ့နေတယ်လို့ ကျိုက်လတ်ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

 

ကျိုက်လတ်မြို့နဲ့ မဝေးတဲ့ မရမ်းကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း လူအပြည့်မပေးနိုင်လို့ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး အကျယ်ချုပ်ချထားတယ်လို့ ကျိုက်လတ်ဒေသခံ အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“ လူငယ်တွေက စစ်မှုထမ်းအသံကြားရင်ကို လန့်နေကြတာ၊ အုပ်ကြီးကတော့ လူအပြည့်မပေးနိုင်လို့ဆိုပြီး ခေါ်သွားတာကနေ ပြန်မလွှတ်တော့ဘူး ဖမ်းထားတယ်။ စခန်းထဲဖမ်းထားတာမျိုးတော့ မဟုတ်ဘူး။ သနားပါတယ်ဗျာ “ လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် မရမ်းကျေးရွာကို ညဖက်တွေမှာ ဝင်ရောက်ရှာဖွေတာတွေ ဖမ်းဆီးတာတွေ မကြာခန လုပ်တာကြောင့် လူငယ်တွေအနေနဲ့ နေအိမ်မှာမအိပ်ရဲဘဲ တိမ်းရှောင်အိပ်နေရတယ်လို့လည်း သူကဆက်ပြောပါတယ်။

 

အလားတူ ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက်က အုပ်ချုပ်ရေးမှူးလည်း စစ်မှုထမ်းလူမပေးနိုင်လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရပြီး အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားခြင်းခံနေရတယ်လို့ ဟင်္သာတမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီဟာ ဧရာဝတီ-ရခိုင် အစပ်မှာအထိ အာရက္ခတပ်တော် AA/PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကိုခံနေရပြီး ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်လာချိန်ကစလို့ စစ်မှုဥပဒေအရဟုဆိုကာ လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာတွေအပြင် စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းတာ တွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

 

ဒါ့အပြင် ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုးငှားရမ်းထည့်နေရာကနေ ဖေဖော်ဝါရီလက စတင်ကာ ဧရာဝတီတိုင်းက သူတွေကလွဲလို့ အခြားပြည်နယ်နဲ့တိုင်းက သူတွေနဲ့အစားထိုးပါက အရေးယူသွားမယ်လို့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ပြောဆိုထားတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

 

ဧရာဝတီတိုင်းအတွင်းက တချို့မြို့နယ်တွေမှာတော့ စစ်မှုထမ်းဆင့်ခေါ်စာတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်နေတာတွေရှိပြီး ညအချိန်ဝင်ရောက်ဖမ်းဆီးတာတွေလည်း ရှိနေတာကြောင့် လူငယ်တွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတဲ့အပြင် ညနေ ၆ နာရီကျော် မှောင်ပါက ယောင်္ကျား မိန်းမ ကြီးကြီး ငယ်ငယ် အားလုံးဖမ်းဆီးခွင့်ရှိတယ်ဆိုပြီး နှုတ်မိန့်ပေးထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

 

ဓာတ်ပုံ – pro-SAC