ဧရာဝတီတိုင်းက စစ်မှုထမ်းစာရင်းမှာ ကျောင်းသားတွေပါဝင်နေလို့ ကျောင်းတက်နေသူတွေ စိုးရိမ်

Author CJ Platform
Categories
Published on Feb 26, 2025

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမယ့် လူငယ်တွေကို မြို့နယ်က ရွေးချယ်ပြီး ဆင့်ခေါ်စာ ပို့ရာမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေ အသက်မပြည့်သေးသူတွေပါ ပါဝင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

မကြာသေးခင်က စစ်ကောင်စီကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရ စစ်မှုထမ်းလူငယ်တွေကို ရွေးချယ်မှာဖြစ်ပြီး ဆင့်ခေါ်စာတွေလည်း အိမ်အရောက်ပို့ဆောင်မှာဖြစ်တာကြောင့် ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေနဲ့ မိဘတွေလည်း စိုးရိမ်ပူပန်နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ ကျောင်းတက်နေတဲ့ ကလေးတွေပါတယ် စာရင်းထဲမှာ၊ သူတို့ပြောတာတော့ အထက်က ခေါ်တာမလို့ မတတ်နိုင်ဘူးတဲ့၊ ကျွန်တော်တို့ရွာက နှစ်ယောက် စစ်မှုထမ်းပါသွားတာ ရခိုင်ကိုကျလို့ သေပြီလေ၊ အဲဒါကြောင့် စစ်မှုထမ်းလိုက်ရမှာကို ကြောက်နေကြတယ်” လို့ ကျိုက်လတ်မြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် ကလေးတွေပါ စာရင်းထဲထည့်သွင်းထားတာဖြစ်ပြီး လာရောက်ခေါ်ဆောင်တဲ့အခါ လူမရှိပါက မိသားစုဝင် တစ်ယောက်ယောက် လိုက်ရမှာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

 

စစ်ကောင်စီက လူသစ်စုဆောင်းနေရာမှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ အဓမ္မစုဆောင်းမှုတွေပြု လုပ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက မအူပင်မြို့ပေါ်က လူငယ်တစ်ဦးကို သွားရောက်ခေါ်ဆိုရာမှာလည်း လူမရှိလို့ဆိုကာ ညီဖြစ်သူကို အဓမ္မခေါ်သွားတဲ့အပြင် အခြားလူငယ်တစ်ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးသွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

 

စစ်မှုထမ်း စာရင်းထည့်သွင်း ထားခြင်းခံရတဲ့ ညောင်တုန်းမြို့နယ်က ကျောင်းသားတစ်ဦးကိုလည်း ကျောင်းတက်ကြောင်း အထောက်အထားတွေ မပြနိုင်ပါက စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပြောတယ်လို့ ဒီကြောင်းသိရှိထားသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“ ကလေးကို စစ်မှုထမ်းပါတယ်ပြောတယ်။ ထောက်အထားမပြနိုင်ရင် ဆင့်ခေါ်မယ်လို့လည်း ပြောတယ် သူ့မိဘတွေကတော့ အုပ်ကြီးတွေနဲ့ ညှိဖို့လုပ်နေတာပဲ” လို့ ညောင်တုန်းမြို့နယ်ရှိ အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီဟာ နိုင်ငံတဝန်းစစ်မျက်နှာများစွာ ဖွင့်ထားရပြီး တပ်သားသစ်စုဆောင်းနိုင်ဖို့အတွက် စစ်မှုထမ်းဥပဒေကို ပြဌာန်းကာ ထိန်းချုပ်ထားရာနယ်မြေတွေကနေ တပ်သားသစ်စုဆောင်းပြီးနောက် ရှေ့တန်း စစ်မျက်နှာတွေဆီ စေလွှတ်ခဲ့နေပါတယ်။

 

စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းခံရသူတွေဟာ ရှေ့တန်းစစ်မျက်နှာမှာ သေဆုံးသူ အများအပြားရှိနေခဲ့ပြီး အလင်းဝင်ရောက်သူ လက်နက်ချသူများလည်း ရှိနေတာကြောင့် လူငယ်တွေအနေနဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမှာကို ကြောက်ရွံ့ထိတ်လန့်နေကြပါတယ်။

ဒါကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ များပြားလာတဲ့အပြင် တော်လှန်ရေးအင်အားစုတွေထဲ ဝင်ရောက်လာသူတွေရှိနေတာကြောင့် စစ်ကောင်စီက နည်းအမျိုးမျိုးနဲ့ လူငယ်တွေကို ဖိအားပေး စစ်ဆေးတာ၊ ပေါ်တာဆွဲတာ၊ ပြည်ပထွက်ခွင့်ပိတ်ပင်တာတွေ လုပ်ဆောင်လာနေပါတယ်။

 

ဓာတ်ပုံ – pro-SAC