အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံး အလောင်းပြန်သယ်ခွင့်မပေး

မန္တလေးတိုင်း အိုးဘိုထောင်အတွင်းမှာ ဖမ်းဆီး အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတဲ့အတွက် ပြီးခဲ့တဲ့အပတ်က ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဆီကနေ သိရပါတယ်။
သေဆုံးသူဟာ စတင်အဖမ်းခံတဲ့အချိန်မှာ ဘာရောဂါမှမရှိခဲ့ပေမဲ့ အကျဉ်ထောင်အတွင်း အနာများပေါက်ရာက ပိုးဝင်ကာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပြီး သေဆုံသူရဲ့ ရုပ်အလောင်းကို ထောင်အာဏာပိုင်တွေက ရုပ်အလောင်းပြန်မပေးပဲ ထောင်အစီအစဉ်အရ သင်္ဂြိုလ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
“ အနာကြီးရောဂါပုံစံမျိုးအနာတွေဖြစ်ရာကနေ ပြည်တည်ပြီးပိုးဝင်တယ်လို့ သိရပါတယ်။ ဘာရောဂါနဲ့ သေဆုံးတယ်ဆိုတာကိုတော့ စစ်ကောင်စီက တစ်ခုခုအကြောင်းပြ ရေးကောင်းရေးနိုင်ပါတယ်” လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကိုပြောပါတယ်။
ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားမှာ ကိုအောင်ထွန်းဖြစ်ပြီး အနာပိုးဝင်ချိန် ထောင်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆေးကုသမှုလုံလောက်စွာ မရခဲ့တာကြောင့် ကျဆုံးသွားတာဖြစ်တယ်လို့ လည်း သိရပါတယ်။
ကိုအောင်ထွန်းကို ၂၀၂၂ ခုနှစ် ဧပြီလ (၁၅)ရက်နေ့မှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀၅- က နဲ့ အမရပူရတရားရုံးမှာ တရားစွဲဆိုခံခဲ့ရကာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ ရတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ကိုအောင်ထွန်းကျဆုံးချိန်မှာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး သူဟာလွတ်ရက်စေ့နဲ့ လွတ်မြောက်ဖို့ လအနည်းငယ်သာ ကျန်တော့သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်