ပလက်ဝမြို့နယ် ရှင်းလက်ဝဒေသမှာ တစ်အိမ်တစ်ယောက်နှုန်း စစ်မှုထမ်းဖို့  AAအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်

Author ဂျိမ်း(စ်)
Categories
Published on Feb 24, 2025

ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ် ကုလားတန်မြစ်အထက်ပိုင်းရှိ ရှင်းလက်ဝဒေသမှာ ဒေသခံပြည်သူတွေကို တစ်အိမ်တစ်ယောက်နှုန်း စစ်မှုထမ်းဖို့ အာရက္ခတပ်တော် AA အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အစည်းအဝေးမှာ အမိန့်ထုတ်ပြန် ပြောကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ ၃ ရက်တာအတွင်း တစ်အိမ်တစ်ယောက်နှုန်းနဲ့ တစ်အိမ်တက်ဆင်း နာမည်စာရင်းကောက်ယူကာ နာမည်စာရင်းမှာ ပါဝင်တဲ့သူတွေကို စစ်မှုထမ်းဖို့အတွက် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

 

“AA တွေက အိမ်ထောင်စုစာရင်းကောက်တာ ၈ ကြိမ်ရှိသွားပြီ။ ခုတော့ ပြည်သူစစ်သင်တန်းတက်ဖို့ ခေါ်ယူနေကြတာ။ ၅၂ ယောက်ကို အရင်စာရင်းယူပြီးတော့ ပို့လိုက်ပြီလို့ကြားတယ်” လို့ အသက် ၃၉ နှစ်အရွယ် ဒေသခံတစ်ဦး က CJ Platform ကို ပြောပါတယ်။

 

ပြည်သူ့စစ်သင်တန်းတက်ဖို့ ခေါ်ယူခဲ့တဲ့ အမျိုးသား ၅၂ ဦးဟာ ရှင်းလက်ဝဒေသရှိ ရခိုင်လူမျိုးနဲ့ ခူမီး ချင်းလူမျိုးတွေဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။

ဒါ့အပြင် နောက်တစ်ကြိမ်ခေါ်ယူပါက ရှင်းလက်ဝဒေသ အုပ်ချုပ်ရေးနယ်မြေက သူတွေအားလုံးကို ခေါ်ယူသွားမယ်လို့ သိရပြီး လူမျိုး ဘာသာမခွဲခြားပဲ ပြည်သူ့စစ်သင်တန်းတက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ရှင်းလက်ဝဒေသမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မတက်မနေရ အစည်းအဝေးခေါ်ယူပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေမှာ ပလက်ဝမြို့နယ်က ဒေသအုပ်ချုပ်ရေးမှူးအပါအဝင် လေးဦးပါဝင်ကာ အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရှင်းလက်ဝဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

 

အဲဒီအစည်းအဝေးအပြီးမှာ AA တပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်ဖို့ သတင်းထွက်ပေါ်လာတာဖြစ်ပြီး တပ်ဖွဲ့ဝင်အဖြစ် ပါဝင်လိုသူတွေစာရင်းပေးရမှာဖြစ်သလို စစ်သင်တန်းတက်ရောက်ဖို့ စိတ်ပါဝင်စားမှု မရှိသူတွေကိုလည်း တစ်အိမ်တစ်ယောက် စာရင်းပေးသွင်းသွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“အေအေရဲ့အုပ်ချုပ်တဲ့စနစ်က တစ်ပါတီစနစ်နဲ့ အာဏာရှင်ပုံစံဖြစ်နေတယ်။ ပလက်ဝမှာ AA က မီးဇာဒေသ၊ ရှင်းလက်ဝဒေသ လို့ သတ်မှတ်လိုက်တာက သူတို့နေရာလုပ်လိုက်တဲ့ သဘောပဲ။ လုယူလိုက်တဲ့သဘောပဲ။ ဒါက အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်တယ်” လို့ ရှင်လက်ဝဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ရှင်းလက်ဝကျေးရွာသားတွေကို ‌ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းက ထွက်ခွာခွင့်မပေးပဲ လမ်းတွေပိတ်ထားတယ်လို့ သိရကာ မနက်ဖြန် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတော့ အစည်းတစ်ခုကျင်းပသွားမှာဖြစ်ပြီး စစ်မှုထမ်းအတွက် ကောက်ခံထားတဲ့ စာရင်းကို တစ်ပါတည်း ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

 

AA အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ အကြပ်ကိုင်တာ ဖိအားပေးတာ လူမျိုးရေးခွဲခြားတာမျိုးတွေ ရှိနေတာကြောင့် ဒေသတွင်း ခူမီးလူမျိုးတွေအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့နေကြရတယ်လို့လည်း ဆိုပါတယ်။

 

“ခုအချိန်မှာ ကျေးရွာတွေအားလုံးမှာရှိတဲ့ ဒေသခံတွေအားလုံး စိုးရိမ်ပူပန်ပြီး တုန်လှုပ်နေကြတယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” လို့ ဒေသခံ ခူမီးလူမျိုးတစ်ဦး က CJ Platform ကို ပြောပါတယ်။

 

အာရက္ခတပ်တော် AA အနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားရှိ အမျိုးသမီးနဲ့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ကြားရှိ အမျိုးသားအားလုံး စစ်မှုထမ်းဖို့ သတ်မှတ်ထားပြီး ဒေသအုပ်ချုပ်ရေးမှူးက အခုလို စစ်မှုထမ်းဖို့ အမိန့်ထုတ်ပြန်လိုက်တဲ့ အပေါ် ဒေသတွင်းရှိ ရခိုင်လူမျိုးတွေ အပါအဝင် ခူမီးလူမျိုးတွေလည်း စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ – ပေးပို့

 

ပုံစာ – ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရှင်းလက်ဝကျေးရွာကိုတွေ့ရစဉ်

Related News

Depend on news