စစ်ကောင်စီကို ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပြီး ပြည်သူတွေကသာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် လုပ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

ပြည်သူတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၁ ရက် မနေ့က ဗထူးတပ်နယ်မှာကျင်းပတဲ့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းပွဲမှာ ပြောကြားလိုက်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် ဒေသခံပြည်သူတွေကသာ လုပ်နိုင်စွမ်းအပြည့်ရှိနေတာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ NUG၊ CRPH၊ PDF တွေနဲ့ပူးပေါင်းပြီး ထိန်းချုပ်နယ်မြေတွေ ချဲ့ထွင်နိုင်ဖို့ တရားလက်လွတ်လုပ်ဆောင်နေတယ်လို့ သူ့ရဲ့ မိန့်ခွန်းထဲ ထည့်ပြောသွားပါတယ်။
“နိုင်ငံတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နေကြတဲ့အတွက် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြတဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာတွေနဲ့ ပြည်သူပိုင်အဆောက်အဦများစွာ ပျက်ဆီးဆုံးရှုံး နေကြရတယ်” လို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မြို့ရွာတွေကို ဗုံးပတ်ကြဲနေတဲ့ စစ်တပ်ခေါင်းဆောင်က ဆိုပါတယ်။
ဒါကြောင့် အေးချမ်းစွာနေထိုင်လိုကြတဲ့ အပြစ်မဲ့ပြည်သူတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို အလွန်ရွံရှာ စက်ဆုပ်နေကြပြီဖြစ်လို့ တရားသောစစ် ဆင်နွဲနေတာဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် ဒေသခံတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာတာတွေကို စစ်ကောင်စီအနေနဲ့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ တိုက်တွန်းထားပါတယ်။
တပ်တွင်း စည်းလုံးညီညွတ်ရေးကို ကျစ်လစ်ခိုင်မာအောင်တည်ဆောက်ပြီး ပြည်သူသာအမိ ပြည်သူသာအဖ လို့သဘောထားကာ တာဝန်ကျရာနယ်မြေအသီးသီးမှာ စိတ်ရင်းမှန်နဲ့ လုပ်ဆောင်ကြဖို့ကိုလည်း စစ်ကြောင်းထိုးရာနေရာတိုင်း ကျေးရွာတွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ခေါင်းဆောင်က မှာကြားခဲ့ပါတယ်။
သတင်းနည်းပညာနဲ့ ဆက်သွယ်ရေးကွန်ရက်စနစ်တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ အခြေအမြစ်မရှိတဲ့ ပြောဆိုရေးသားမှုတွေကို အသိ သတိနဲ့ယှဉ်ပြီး စဉ်းစားဆင်ခြင်နိုင်ဖို့လိုတယ်လို့ လည်းသူက မိန့်ခွန်းထဲထည့်ပြောသွားပါတယ်။
သင်တန်းဆင်းပွဲအပြီး စစ်ခေါင်းဆောင်ဟာ ဗထူးတပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံကို သွားရောက်ကာ ဆေးရုံတက်ရောက်ကုသမှုခံယူနေတဲ့ အရာရှိ၊ စစ်သည်တွေကို အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – pro-SAC