ကျုံပျော်မှာ မဲမနှိုက်ရဘဲ စစ်မှုထမ်းဖို့ အကြောင်းကြားစာတွေ ပို့နေ၊ ရှောင်တိမ်းပါက မိသားစုကို ဖမ်းဆည်းမည်၊ မိသားစုလိုက်ရှောင်တိမ်းပါက နေအိမ် ချိပ်ပိတ်မည်ဟုဆို

Author လဂွန်းအိမ်
Categories
Published on Feb 21, 2025

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာတွေကို ဖေဖော်ဝါရီလ တတိယအပတ်ကစလို့ ပေးပို့နေတာကြောင့် ဒေသခံလူငယ်တွေ စိုးရိမ်ထိတ်လန့်နေကြသလို မိသားစုဝင်များပါ အန္တရာယ်မကင်းဖြစ်နေကြတယ်လို့ ဒေသခံတစ်ဦးပြောပြချက်အရ သိရပါတယ်။

 

စစ်မှုထမ်းဖို့အတွက် မဲနှိုက်ရွေးချယ်တာတွေ လူစားထိုးပေးတာတွေ လုပ်ဆောင်လို့ မရတော့ပဲ မြို့နယ်အစီအစဉ်နဲ့ ရွေးချယ်ကာ စစ်မှုထမ်းဆင့်ခေါ်စာတွေ ပေးပို့နေတယ်လို့ သိရပါတယ်။

 

“ ရပ်ကွက်ထဲမှာ တော်တော်ကို ဆူညံပွက်လောရိုက်နေတာ၊ မိဘတွေဆိုရင်ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ ပြေးလို့ကလည်းမရဘူး။ ပြေးရင်နောက်ကကျန်ခဲ့တဲ့သူကို ဖမ်းမယ်လို့ ပြောထားတယ်”လို့ ကျုံပျော်မြို့ခံ အသက် ၂၀ ကျော် လူငယ်အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်မှုထမ်းဆင့်ခေါ်စာရရှိသူအနေနဲ့ ထွက်ပြေးပါက ဖခင် ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးက စစ်မှုထမ်းလိုက်ရမယ်လို့ ပြောဆိုထားသလို မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ကို ချိတ်ပိတ်သွားမှာ ဖြစ်တယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ သူကဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရမ်းဗြဲမြို့ကို ကျုံပျော်မြို့ရှိ အမှတ် ၃၆ ခြေလျှင်တပ်ရင်းက စစ်သည်အင်အား ၂၅ ဦးကျော် စစ်ကူလွှတ်လိုက်ရာက အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုခံခဲ့ရတာကြောင့် တစ်ယောက်မှ ပြန်မလာနိုင်တော့ပဲ လက်ရှိအချိန်မှာ စစ်သည်အင်အား မရှိသလောက်နည်းပါးနေပြီ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးဆီကနေလည်း သိရပါတယ်။

 

“ အဲဒီတုန်းက ၂၅ ယောက်ထင်တယ် ပါသွားတာ၊ ၁၉ ယောက်ကို အသေပြပြီး ကျန်တဲ့ ၆ ယောက်ကို အပျောက်စာရင်းသွင်းထားတာ၊ တပ်ထဲက ဗိုလ်မှူးပါသေတာလေ။ သူ့မိသားစုတွေတောင် နာရေးလုပ်ပြီး ကျုံပျော်ကနေ ပြောင်းသွားကြပြီ” လို့ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။

 

လက်ရှိမှာ ဧရာဝတီတစ်တိုင်းလုံး ညနေ ၆ နာရီကစလို့ မှောင်ပြီဆိုလျှင် လူကြီး လူငယ် ယောင်္ကျား မိန်းမ အကုန် ဖမ်းဆီးခွင့်ရှိတယ်ဆိုပြီး နှုတ်မိန့်နဲ့ ညွှန်ကြားထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

ကျုံပျော်ဒေသခံ အမျိုးသမီးတစ်ဦးပြောတာကတော့ အုပ်ချုပ်ရေးမှူးတွေက တဆင့် ရပ်ကွက်ထဲက နီးစပ်ရာသူတွေကို သတိပေးပြောဆိုတာတွေရှိနေတယ်လို့ ပြောပါတယ်။

 

ကျုံပျော်မြို့ရှိ အမှတ် ၃၆ ခြေလျှင်တပ်ရင်းအတွင်းမှာလည်း လေယာဉ်ပြေးလမ်းပါပါတဲ့  လေယာဉ်ကွင်းတစ်ခုလည်း တည်ဆောက်ထားပြီးဖြစ်တယ်လို့ သိရတဲ့အပြင် ကျုံပျော်မြို့ပေါ်မှာတော့ လေယာဉ်နဲ့ စက်တပ်လေထီးတွေ မကြာခဏ ပျံဝဲနေတယ်လို့ သိရပါတယ်။

 

လက်ရှိ ကျုံပျော်မြို့မှာ ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ဇန်နဝါရီလအတွင်းကလည်း ခြင်းခတ်ရာကပြန်လာတဲ့ လူငယ် ၅ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတာမျိုး ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေတစ်ချို့ရဲ့ပြောဆိုချက်အရသိရပြီး မြို့ပေါ်မှာတော့ ညနေ ၆ နာရီကျော်တာနဲ့ လူမရှိသလောက်ဖြစ်သွားပြီလို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်