စစ်ဘေးရှောင်တွေ ချောင်းသာကို ပြန်ဝင်ရောက်လာသလို အပန်းဖြေသူအနည်းငယ်ပါ လာရောက်နေ

Author CJ Platform
Categories
Published on Feb 14, 2025

ဧရာဝတီ-ရခိုင် နယ်စပ် အနောက်ဘက်ကမ်းခြေတလျောက် စစ်ရိပ်စစ်ခြေလျော့ကျလာတာကြောင့် ချောင်းသာဒေသခံအများစု မြို့ထဲပြန်ဝင်ရောက်နေကြပြီဖြစ်ပြီး ချောင်းသာကမ်းခြေကိုလည်း အပန်းဖြေသူတွေ အခုရက်ပိုင်းအတွင်း အနည်းငယ်ပြန်ဝင်ရောက်လာပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

အာရက္ခတပ်တော် AAနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေက သာပေါင်းမြို့နယ် အနောက်ဘက်ခြမ်းကို ရောက်ရှိသွားတာကြောင့် ချောင်းသာ ဒေသခံအများစု စစ်ဘေးတိမ်းရှောင်နေရာကနေ အခုလအတွင်း ပြန်လည်ဝင်ရောက် နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

“လူကြီးတွေက ရန်ကုန်မှာ နေရတာအနေကျဉ်းကျပ်တယ်ဆိုလို့ ပြန်လာတာ၊ အရင်လောက်တော့ မစည်ဘူးပေါ့၊ အခု ဧည့်သည်နည်းနည်းလေးတော့ ပြန်ဝင်လာတာရှိတယ်၊ ဈေးသည်တွေလည်း ပြန်ပြီးရောင်းချနေပြီ” လို့ အသက် ၂၀ ကျော် ချောင်းသာဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ကမ်းခြေမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တွေ မုန့်သည်တွေအနေနဲ့ အများအပြား ပြုလုပ်ရောင်းချနေတာမျိုး မဟုတ်ပဲ တစ်နေ့ကို အနည်းသာ မုန့်တွေ ပြုလုပ်ပြီး ရောင်းချနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟိုတယ်တွေလည်း ပြန်ဖွင့်ထားတာမျိုးရှိနေပြီး ဧည်သည်တချို့လည်း အပန်းဖြေလည်ပတ်ဖို့ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

 

“အခုကတော့ ပုံမှန်လိုပါပဲ၊ အေးအေးဆေးဆေးပဲဖြစ်နေတာ၊ စစ်ရှောင်တွေလည်း ပြန်ရောက်နေပြီလေ၊ တိုက်ပွဲတွေက ကလေးတွေစာမေးပွဲအပြီး စောင့်နေကြတယ်လို့လည်း ကြားနေရတယ်” လို့ အဲဒီအကြောင်းသိရှိထားတဲ့ အသက် ၂၈ နှစ်ခန့်ရှိ ဒေသခံ လူငယ်အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

 

အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေဟာ ဇန်နဝါရီ ပထမပတ်အတွင်းကစပြီး ရခိုင်-ဧရာဝတီတိုင်းအစပ် ပုသိမ်ခရိုင်ထဲကို ထိုးစစ်ဆင်လာခဲ့ပြီး မကျီးဇင်ကျေးရွာနဲ့ ဘောမိကျေးရွာတို့ကို  သိမ်းပိုက်ထားနိုင်ပြီးနောက် သပေါ့ကန်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ ခံစစ်ပြင်ထားလို့ ဒေသခံတွေ စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

 

လက်ရှိမှာ စစ်ရိပ်စစ်ခြေ လျော့ကျသွားလို့ ပြန်လည်ဝင်ရောက်နေထိုင်ကြပေမဲ့ စစ်ရေးသတင်းတွေကို အမြဲနားစွင့်နေရပြီး အများစုက ဖြစ်လာရင်ရှောင်တိမ်းနိုင်ဖို့ အရန်သင့် ပြင်ဆင်ထားနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ချောင်းသာကမ်းခြေတစ်နေရာကို ဖေဖေါ်ဝါရီ ၁၂ရက်က မြင်ရပုံ