“စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တို့နဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို့ သွားကြပါ” စာသားနဲ့ ရန်ကုန်မြို့မှာဆန္ဒပြ

ရန်ကုန်မြို့ရဲ့ လူစည်ကားရာဈေးတစ်ခုမှာ ဒီကနေ့ ဖေဖေါ်ဝါရီ ၈ရက်နေ့က “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တို့နဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို့ သွားကြပါ”ဆိုတဲ့ စာသားကိုရေးသားကာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း ထံက သိရပါတယ်။
စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ ဆန္ဒပြ ဘန်နာကို အရှေ့မှာချထားပြီး လူငယ်အမျိုးသမီးတစ်ဦးက တော်လှန်ရေးသင်္ကေတ တစ်ခုဖြစ်တဲ့ လက်သုံးချောင်းထောင်ပြီး ဆန္ဒပြခဲ့တာပဲဖြစ်ပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစပြီး အထွေထွေကြပ်တည်းမှုတွေ၊ မလုံခြုံမှုတွေ၊ ဖိနှိပ်ခံရမှုတွေ၊ အခြေခံလူ့အခွင့်အရေးများဆုံးရှုံးမှုတွေစတဲ့အခက်အခဲအကြပ်အတည်းများက လွတ်မြောက်ရန် ရတဲ့နည်းနဲ့ တော်လှန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းမှုတွေ ပေါ်တာဆွဲမှုတွေ ရှိနေတာကြောင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ ပြည်သူလူထုအနေနဲ့ ဆက်လက်ဝန်းရံတော်လှန်ပေးကြဖို့ကိုလည်း “အထွေထွေ ဖိနှိပ်မှုကို အံတုကြ၊ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့” ကြွေးကြော်သံနဲ့ တိုက်တွန်းထားပါတယ်။