“ကမ္ဘာမကြေဘူး” သီချင်းကို ရေးသားခဲ့သူ ဆရာနိုင်မြန်မာ ကွယ်လွန်
![](https://cjplatform.com/wp-content/uploads/2025/02/453922028_1576684782877974_1504074935991145033_n-800x533.jpg)
“ကမ္ဘာမကြေဘူး” သီချင်းကို ရေးသားခဲ့သူ တေးရေးဆရာ နိုင်မြန်မာ (ဦးနိုင်ဦးမြင့်) ဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ တော်လှန်အနုပညာအသိုင်းဝန်းကနေ သိရပါတယ်။
ဆရာဟာ “ကမ္ဘာမကြေဘူး” သီချင်းတွေ အပြင် ဝါဆိုမိုး၊ တခါက မြစန်းကြည်၊ မြစန်းကြည်လေးရေ စတဲ့ ထင်ရှားတဲ့ သီချင်းတွေကို ရေးစပ်ခဲ့သူလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မတရားဖမ်းဆီးထားသူ အဆိုတော်ဗျူဟာရဲ့ ဖခင်လည်းဖြစ်ပါတယ်။
ဆရာ မကွယ်လွန်မီမှာ
“ချစ်သော – – တော်လှန်ရေး”
—————————————————————။
ကံဆိုးမ သွားလေရာ
မိုးလိုက်လို့ ရွာနေတဲ့ အချိန်မှာ
လူတိုင်းကို ထီးတစ်ချောင်းဆီ မပေးနိုင်တာ
မင်းအပြစ် မဟုတ်ပါဘူးကွာ
မိုးထဲရေထဲက လူတစ်ယောက်
မင်း ရှေ့ကိုရောက်လာခဲ့ရင်သာ
မင်းဆောင်းနေတဲ့ ထီးကလေးအောက်မှာ
ခဏလောက်မိုးခိုပါစေ
အချမ်းပြေကော်ဖီလေးတခွက်လောက်သောက်ပါစေ
တကယ့်ပြည်သူတွေဟာ
တော်လှန်ရေးသမား စစ်စစ်တွေကို
အဲဒီလိုမျိုး ချစ်တတ်ကြပါတယ်လေ။ ဆိုတဲ့ ကဗျာကိုလည်း ရေးသားခဲ့ပါတယ်။
ဆရာနိုင်မြန်မာဟာ နှလုံးရောဂါဝေဒနာကို ခံစားနေရသူဖြစ်ပြီး အခုကွယ်လွန်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့ တိကျစွာ မသိရသေးပါဘူး။