ကွတ်ခိုင်မှာ လက်လုပ်မိုင်းကြောင့် ကလေးငယ် နှစ်ဦးသေဆုံး  

Author မင်းသိမ်း
Categories
Published on Feb 06, 2025

ရှမ်းပြည် မြောက်ပိုင်း တအာင်းတပ် PSLF/TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ကလေးငယ် လေးဦး လက်လုပ်မိုင်းနင်းမိပြီး နှစ်ဦး သေဆုံးသွားတယ်လို့ TNLA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂ ရက် မနက် ၁၁ နာရီခွဲခန့်က ကလေးငယ်တွေ ချောင်းအတွင်း ငါးဖမ်းနေချိန် လက်လုပ်မိုင်းကို နင်းမိကာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် နှစ်ဦး သေဆုံးခဲ့တဲ့အပြင် နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့  ကလေးနှစ်ဦးဟာ လွေးအေးနွေ အသက်(၄)နှစ်၊ မိုင်းအနိုင် အသက် (၅)နှစ်တိုဖြစ်ကြပြီး မိုင်းထွန်းအောင် အသက် (၉)နှစ်၊ မိုင်းအညိုလာအသက် (၈)နှစ် တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသရန် ဆေးရုံသို့ ပိုဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အောက်တိုဘာ၃ ရက်မှာ ကွတ်ခိုင်မြိုနယ် လွယ်ဆိုင်ကျေးရွာက အမျိုးသားတစ်ဦး ကျွဲရှာနေချိန်  မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

 

တအာင်းတပ် PSLF/TNLA  ဟာ ကွတ်ခိုင်မြို့အပြင် မြို့များစွာ ထိန်းချုပ်သိမ်းပိုက်ထားပြီး မြို့ပြအုပ်ချုပ်‌ရေးအတွက် လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA