ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူများကို သံရုံးများက တောင်းခံလာပါက ရှာဖွေပေးမယ်လို့ DKBA ထုတ်ပြန်
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူများကို မြန်မာသံရုံးအပါအဝင် နိုင်ငံတကာသံရုံးများက တောင်းခံလာပါက ရှာဖွေပေးအပ်သွားမယ်လို့ အချက် ၄ ချက်ပါထုတ်ပြန်ချက်တစ်စောင် ဒီကနေ့ညနေမှာထုတ်ပြန်လာပါတယ်။
မြဝတီမြို့ကို ထိုင်းနိုင်ငံဘက်က မီးဖြတ်လိုက်တဲ့ ဒီကနေ့မှာဘဲ ကရင်ပြည် မြဝတီမြို့နယ် ဆုံဆည်းမြိုင်ရှိ ဗဟိုဌာနချုပ်ကနေ လူကုန်ကူးခြင်း လူလူချင်းညှင်းပန်းနှိပ်စက်ခြင်း တို့ကို နိုင်ငံတကာနဲ့အတူ ပူးပေါင်းတိုက်ဖျက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး တားဆီးနှိမ်နင်းသွားမှာဖြစ်တဲ့အပြင် ဒေသခံပြည်သူလူထုစားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကို ၂၀၀၉ နှစ် မေလတွင် အသစ်ဖွဲ့စည်းခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့မှာ စစ်ဦးစီးချုပ်နေရာကို ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးက တာဝန်ယူဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်နေပါတယ်။
ဓာတ်ပုံ – DKBA