ထိုင်းအစိုးရ လျှပ်စစ်မီးဖြတ်တောက်လိုက်ချိန် မြဝတီမှာ စက်သုံးဆီအလုယက်ဝယ်ယူနေ၊ ကာစီနိုရုံတွေမှာလည်း ထိုင်းအင်တာနက်လိုင်းပြတ်တောက်
![](https://cjplatform.com/wp-content/uploads/2025/02/475805311_655116953646467_7432132691450469114_n-800x450.jpg)
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည် မြဝတီမြို့မှာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး ဖြတ်တောက်လိုက်တာကြောင့် စက်သုံးဆီတွေ အလုအယက်ဝယ်ယူနေကြပြီး ဒီကနေ့ညနေမှာတော့ ဝယ်ယူရ ခက်ခဲသွားပြီဖြစ်တယ်လို့ မြဝတီမြို့ခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကိုနှိမ်နင်းဖို့အတွက် မြန်မာပြည်တွင်းကနေရာ ငါးနေရာကို လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြန့်ဝေနေတာတွေ ဖြတ်တောက်သွားမယ်လို့ ထိုင်းအစိုးရကဘက် ကြေညာအပြီး ဒီကနေ့မှာပဲ ကရင်ပြည်က မြဝတီမြို့၊ ဘုရားသုံးဆူနဲ့ ရှမ်းပြည်က တာချီလိတ်မြို့နယ်တို့ကို ဖြတ်တောက်ခဲ့တာပါ။
“ အခုစက်သုံးဆီကတော့ အလုအယက်ဝယ်နေကြလို့ အရင်လို လွယ်လွယ်ဝယ်မရတော့ဘူး။ ထိုင်းမီးက အဖွဲ့အစည်းနဲ့ မကင်းရာမကင်းကြောင်းတွေလည်းရတယ်၊ ဟိုတယ်တချို့လည်း ရတယ်၊” လို့ မြဝတီမြို့ခံ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးကို ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးစောတင်ဝင်းပိုင်တဲ့ မြစ်ရွှေသောင်ရင်းကုမ္ပဏီက ဖြန့်ဝေပေးနေတာဖြစ်ပြီး အခုလျှပ်စစ်မီးဖြတ်တောက်ခံရတာကြောင့် မီးစက်တွေ အသုံးပြုနိုင်ရေး စက်သုံးဆီဆိုင်တွေမှာ ဆီတွေ တန်းစီဝယ်ယူနေကြတယ်လို့ သူမက ဆက်ပြောပါတယ်။
မြဝတီမှာ မြန်မာလျှပ်စစ်မီး ပျက်တောက်နေတာကြောင့် ထိုင်းနိုင်ငံက လျှပ်စစ်မီးကို အစိုးရ ဌာနဆိုင်ရာရုံးတွေလည်ပတ်နိုင်ဖို့ အဓိက အသုံးပြုပြီး အမှတ် ၃ ရပ်ကွက်က ကျွန်းတော၊ စစ်မှုထမ်းဟောင်း ရပ်ကွက်တွေကလည်း အသုံးပြုကြတာရှိတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် မြဝတီမြို့ ၁၄ ဂိတ်ဘက်မှာရှိတဲ့ ကာစီနိုလုပ်ငန်းမှာ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေပါ ဖျက်လိုက်ပြီလို့ ကာစီနိုလုပ်ငန်းမှာ လုပ်ဆောင်နေသူ တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သူမက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံက လျှပ်စစ်မီးကို ရွှေက္ကိုလ်၊ KK Park ၊ AA ဆိုဒ်၊ မယ်ထော်သလေးဘက်တွေက အဓိက ဝယ်ယူ အသုံးပြုကြတယ်လို့ သိရပြီး မြဝတီမြို့မှာတော့ အများစုက စစ်ကောင်စီရဲ့ လျှပ်စစ်မီးမရချိန်ကစလို့ မီးစက်မောင်း အသုံးပြုနေကြသလို ဆိုလာတွေနဲ့လည်း အသုံးပြုကြတယ်လို့ စသိရှိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်