ပန်းတနော်မှာ ငှက်ဖျားရောဂါကူးစက်ခံရသူ အစုလိုက်အပြုံလိုက် တွေ့ရှိ

Author လဂွန်းအိမ်၊ မင်းသိမ်း
Categories
Published on Feb 04, 2025

ဧရာဝတီတိုင်း ပန်းတနော်မြို့ နယ်က ကဇင်းတောကျေးရွာအပါအဝင် ကျေးရွာအချို့မှာ ဖေဖော်ဝါရီ လဆန်းပိုင်း ကစလို့  ငှက်ဖျားရောဂါဖြစ်ပွားနေသူတွေ တွေ့ရှိရပြီး အခြားသူတွေပါ ကူးစက်ခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

အခုလို အစုလိုက်အပြုံလိုက် ဖြစ်ပွားတာ တစ်ကြိမ်တစ်ခါမှမရှိခဲ့သလို ကျေးရွာအတွင်းမှာ အခြားဒေသက လာရောက်ပြီး ပြောင်းရွှေ့နေထိုင်သူလည်း မရှိလို့  ဒေသခံတွေကြား ဘယ်လိုကြောင့် ကူးဆက်ခံရတယ်ဆိုတာကို အဖြေရှာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကျွန်တော့်အသက် ၅၀ ရှိပြီ အခုမှဒါမျိုးတွေ့တာ၊ လက်ရှိ ရွာမှာ ၄ ယောက်တော့ ဖြစ်နေတယ်၊ ငှက်ဖျားလက္ခဏာတွေ့လို့ ငှက်ဖျားမှန်းသိတာ” လို့ အဲဒီအကြောင်းသိရှိထားတဲ့ ကဇင်းတော ဒေသခံအမျိုးသား တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီကျန်းမာရေး ဝန်ထမ်းဖြစ်တဲ့ ကျန်းမာရေးမှူးကတော့ ကဇင်းတောကျေးရွာကို လာရောက်ပြီး ဒေသခံတွေကို သွေးစစ်ပေးပြီးနောက် အချို့ဟာ ငှက်ဖျားရောဂါ ကူးစက်ခံထားရတာ ဖြစ်တယ်လို့ အတည်ပြုပေးကာ အနီးရှိ အခြားကျေးရွာတွေကိုလည်း သွားရောက်ပြီး သွေးစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

 

အခုလိုဒေသတွင်း ငှက်ဖျားရောဂါ ကူးစက်ခံရသူတွေ များပြားလာတာဟာ ဘာကြောင့်ဆိုတာကို မသိရသေးဘဲ ကဇင်းတောကျေးရွာနဲ့ အနီးနားက ကျေးရွာတွေမှာလည်း ဘယ်လောက်ထိ ကူးစက်ခံရသူတွေရှိနေတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

 

ငှက်ဖျားရောဂါဟာ အဖျားကြီးချမ်းတုန်တတ်တဲ့ ပြင်ထန်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရတာကနေတဆင့် ကူးစက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုထားပါတယ်။

 

ပုံစာ – ပန်းတနော်မြို့အဝင်ကိုတွေ့ရစဉ်