ညောင်ချောင်းသာကမ်းခြေကို လာရောက်လည်ပတ်သူမရှိ ဆိုင်ခန်း ၅ခန်းသာ ဖွင့်နိုင်သေး
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ ပန်းလှိုင်မြစ်ဝမှာ ဖွင့်လှစ်ထားတဲ့ ညောင်ချောင်းသာကမ်းခြေကို လာရောက်လည်ပတ်သူ မရှိဘဲဖြစ်နေကာ ဆိုင်ခန်း ၂၅ခန်းထိ ဖွင့်လှစ်မယ်လို့ ကြော်ငြာထားသော်လည်း ၅ခန်းသာ ဖွင့်လှစ်နိုင်သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုဗစ်ရောဂါပြင်းထန်လာချိန်ကနေစတင်ပြီး ၅ နှစ်ကြာပိတ်ထားခဲ့တဲ့ ညောင်ချောင်းသာ အပန်းဖြေစခန်းကို ဒီနှစ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။
“ဖွင့်မယ်သာပြောတာ ဘယ်သူမှလည်းမရှိသေးဘူး၊ ဆိုင်ခန်းယူတဲ့သူလည်း နည်းတယ်၊ အခုထိ သွားကြတဲ့သူလည်း မရှိသေးဘူး။ အရင်ကနဲ့ မတူဘူး” လို့ ညောင်တုန်းမြို့ အမှတ် (၆) ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
ညောင်ချောင်းသာကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်ဖွင့်လှစ်မယ်လို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအဖွဲ့က ပြောထားပေမယ့် ဆိုင်ခန်းတွေမှာ စျေးရောင်းချသူတွေလည်း မရှိသလို လာရောက် လည်ပတ်သူတွေလည်း ရှိမနေပါဘူး။
“ ၆ ရပ်ကွက်က မြစ်နဲ့နီးသူတွေတော့ ဆိုင်ခန်းယူကြတယ်ကြားတယ်၊ အားလုံးကတော့ စမ်းတဝါးဝါးပါပဲ၊ သွားမယ်ဆို ဝင်ကြေး ၂၀၀၀ နဲ့ ဇတ်ကူးခ ၂၀၀၀ ရှိတယ်” လို့ မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ညောင်ချောင်းသာကို အဝေးက လာရောက်လည်ပတ်သူတွေအတွက် မော်တော်ယာဉ်ရပ်နားဖို့ နေရာကို (၁၂) လမ်းမှာ ထားရှိဖို့ ပြင်ဆင်ထားပြီး ဆိုင်ခန်း ၁၈ ခန်းအတွက် နေရာတွေကိုတော့ ရောင်းချပြီးပြီလို့ ညောင်ချောင်းသာကြီးကြပ်ရေးကော်မတီနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
အပန်းဖြေ ကမ်းခြေအနီးမှာ ဒီရေအန္တရာယ်ကာကွယ်နိုင်ဖို့ သတိပေးအမှတ်အသားပါ တိုင်တွေ၊ အရံအတားတွေ၊ ပိုက်ကာ အတားအဆီးတွေပါ လုပ်ဆောင်ထားရှိမှာဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ကြိုတင်ပြင်ဆင်ထားတဲ့ အတားအဆီးတွေ လုပ်ဆောင်နေတာ မတွေ့ရသေးဘူးလို့လည်း CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ညောင်ချောင်းသာကမ်းခြေမှာ အရင်က ဆိုင်ခန်းကြီးပေါင်း ၅၀ ကျော်၊ ဆိုင်ခန်းငယ်ပေါင်း ၇၀ ကျော်နဲ့ ဖွင့်လှစ်ခဲ့ပြီး ကမ်းခြေအရပ်ရပ် လုပ်ပိုင်ခွင့် လေလံများအတွက် ကျပ်သိန်းထောင်ကျော် နှစ်စဉ် ဝင်ငွေရရှိခဲ့ပါတယ်။
ညောင်ချောင်းသာ စတင်ဖွင့်လှစ်တဲ့အချိန်ကစလို့ သင်္ကြန်ကာလရုံးပိတ်ရက်များမှာ အရက်သေစာသောက်စားပြီး မူးရစ်ကာ ရေနစ်သေဆုံးသူများ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပြီး သေဆုံးသူ ၁၅ ဦးခန့် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ပင်လယ်ကမ်းခြေတွေအနီးမှာ စစ်ရေးတင်းမာနေချိန် အခုလို ညောင်ချောင်းသာဖွင့်တာဟာ အပန်းဖြေခရီးသွားလိုသူတွေအတွက် အချိန်ကိုက်ဖြစ်နေတာကြောင့် လာရောက်လည်ပတ်သူ များပြားနိုင်တယ်လို့ မြို့ခံတချို့က ခန့်မှန်းထားကြပေမဲ့ စစ်ကောင်စီဟာ နေရာအနှံ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းစေနေတာကြောင့် လာရောက်လည်ပတ်သူတွေ မရှိဖြစ်နေတာလို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။
ပုံစာ – လက်ရှိတည်ဆောက်ပြီးစီးထားတဲ့ ညောင်ချာင်းသာကမ်းခြေကို မြင်တွေ့ရစဉ်