လားရှိုးမှာ MNDAA ရဲ့ အုပ်ချုပ်ရေး ဆက်ရှိနေဆဲ ၊ဒီကနေ့ထိ ဆုတ်ခွါတာမရှိဘူးဟုဆို

Author သုတ
Categories
Published on Jan 31, 2025

ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးမြို့မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ရဲ့ အုပ်ချုပ်ရေးစနစ် ပုံမှန်လည်ပတ်နေပြီး တပ်တွေ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြို့ကနေ ပြန်လည်ဆုတ်ခွါနေတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့ လားရှိုးကနေ  MNDAAတို့ ထွက်ခွါပေးရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ မြေပြင်မှာတော့ အုပ်ချုပ်ရေးယန္တရားဟာ ပုံမှန်လည်ပတ်နေဆဲပဲလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platformကို ပြောပါတယ်။

 

“ပြန်ဆုတ်ရအောင် သူတို့တစ်ဖွဲ့တည်းတိုက်ယူထားတာမဟုတ်ဘူး။ မဟာမိတ်တွေနဲ့ပေါင်းတိုက်ထားတာပါ။ မြို့မှာ အားလုံးအေးဆေးပါပဲ”လို့ သူကပြောပါတယ်။

 

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှာ MNDAAက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

 

ကိုးကန့်တပ်တွေကို ဇွန်လနောက်ဆုံးထားပြီး မြို့ကနေ ပြန်လည်ဆုတ်ခွါပေးဖို့ တရုတ် ကိုယ်စားလှယ်တွေက လားရှိုးမြို့မှာကျင်းပနေတဲ့ တရုတ်နှစ်သစ်ကူးပွဲကို လာရောက်စဉ်က ပြောဆိုထားပေမဲ့ MNDAA ဘက်က ဆုတ်ခွါပေးဖို့မရှိသေးကြောင်း ဒေသခံတွေကို ပြောကြားထားတယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ MNDAAရဲ့ အုပ်ချုပ်ရေးယန္တရားဟာ ပုံမှန်လည်ပတ်လျက်ရှိပြီး လားရှိုးမြို့အတွင်း ဒေသခံပြည်သူတွေ ပုံမှန်သွားလာစည်ကားလျက်ရှိတယ်လို့ သိရပါတယ်။

 

ကိုးကန့်တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ဒေသခံတွေအပေါ် အနိုင်ကျင့်တာမျိုးကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထားတယ်လို့ အသက် ၂၆ နှစ်အရွယ် လားရှိုးမြို့ခံ အမျိုးသား တစ်ဦးကပြောပါတယ်။

 

“သူတို့အုပ်ချုပ်မှုအောက် နေရတာတော့ လောလောဆယ်အဆင်ပြေနေတယ်။ တပ်သားတွေ မှားနေရင် ပြန်တိုင်လို့ရတယ်။ သူတို့လက်တွေ့အပြစ်ပေးတယ်။ ဒေသခံတွေကို အနိုင်ကျင့်မရဘူး” လို့ သူက ပြောပါတယ်။

 

ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရားဝင် အပစ်ရပ်ခဲ့ကြောင်း တရုတ်နိုင်ငံဘက်က ကြေညာခဲ့ပါတယ်။

 

ကိုးကန့်တပ်ဖွဲ့ကပြုလုပ်တဲ့ တရုတ်နှစ်ကူး အခမ်းအနားတစ်ခုမှာ တရုတ်ကိုယ်စားလှယ်ဆိုသူတစ်ဦးက ၂၀၂၅ ခုနှစ်အတွင်း လားရှိုးမြို့ကနေ စနစ်တကျ ထွက်ခွါမှာဖြစ်ပြီး လားရှိုးမြို့အတွင်း စစ်ပွဲများမရှိတော့ကြောင်းနဲ့ အဝေးမှာရောက်ရှိနေတဲ့ ဒေသခံတွေအနေနဲ့ မြို့ကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း တရုတ်ဘာသာစကားနဲ့ဒေသခံပြည်တွေကို ပြောဆိုထားတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်ပေါ်ကို ပျံနှံ့နေတာကိုလည်းတွေ့ရပါတယ်။

 

ဓာတ်ပုံ- MNDAA

 

ပုံစာ- MNDAAတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်(ပုံဟောင်း)