စစ်ရှောင်တွေရှိနေတဲ့ ရွှေသောင်ယံမြို့ကို တောဆင်ရိုင်းဝင်ရောက်ပြီး ဆန်တွေစားသွား

Author လဂွန်းအိမ်
Categories
Published on Jan 31, 2025

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ကို စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေချိန်မှာ တောဆင်ရိုင်းတစ်ကောင်က ဝင်ရောက်လာပြီး ဒေသခံတွေရဲ့ ဆန်တွေကို ဖျက်ဆီး စားသောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ရွှေသောင်ယံမြို့ အမှတ်(၁) ရပ်ကွက်အနီး ခရင်ချောင်းလယ်ကွင်းဘေးမှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဇန်နဝါရီ ၃၀ရက် ညပိုင်းမှာ တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်လာပြီး နေအိမ်မှာ သိုလှောင်ထားတဲ့ ဆန်တစ်တင်းဝင်အိတ် နှစ်အိတ်ကို ဖျက်ဆီးစားသောက်သွားတာပါ။

တောဆင်ရိုင်းဟာ ဆန်တစ်အိတ်ကို အကုန်စားသွားပြီး နောက်တစ်အိတ်ကိုတော့ အနည်းငယ်စားသောက်ကာ အိမ်ရဲ့ အဝေးကို မချီသွားပြီး အနီးမှာရှိတဲ့ လူတွေကိုတော့ ရန်ပြုမှုတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

 

“မနေ့ညက ဝင်လာတာ။ အရင်လာစားနေကြ အကောင်ဖြစ်မယ်ထင်တယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ခရင်ချောင်းကျေးရွာနဲ့ ချိုင်လယ်ကျေးရွာတွေအနီးမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်လောက်က တောဆင်တစ်ကောင် ငှက်ပျောခိုင်တွေ အပင်တွေကို မကြာခဏ လာရောက်စားသောက်လေ့ရှိပြီး အခု ရှစ်လ ခန့် အကြာမှာ ထပ်မံဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

 

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ရွှေသောင်ယံမြို့တွေဟာ မကြာခဏ တောဆင်ရိုင်းတွေ ဝင်ရောက်လေ့ရှိတဲ့ ဒေသတွေဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်