ဂွနဲ့ သံတွဲမှာ ဆေးမကုသနိုင်လို့ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာ

Author သုတ
Categories
Published on Jan 29, 2025

ရခိုင်ပြည်၊ ဂွနဲ့ သံတွဲမြို့တို့မှာ ဆေးဝါးရှားပါးပြတ်လပ်နေတာကြောင့် အရေပြားရောဂါဖြစ်ပွားမှုနှုန်း ဇန်နဝါရီလထဲမှာ ပိုမိုမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အထူးသဖြင့် ကလေးငယ်နဲ့ စစ်ဘေးရှောင်တွေမှာ အဖြစ်များတယ်လို့ ဂွမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေမှာ နေထိုင်ရေးအခက်အခဲတွေကြောင့် ဖြစ်ကြတာများပါတယ်။ အထူးသဖြင့် ရေပေါ့နော်။ နေထိုင်ရတာကလည်း ဖြစ်သလိုတွေဆိုတော့ ပိုဆိုးပါတယ်။ ကလေးတွေဆိုရင်လည်း ဆော့ကြတယ်။ ပြီးရင် သေချာစင်ကြယ်အောင် မဆေးကြောနိုင်ဘူး။ ဖြစ်လာပြီဆိုရင်လည်း ဆေးဝါးရှာမရတာ။ ငွေကြေးမတတ်နိုင်တာတွေကြောင့် လနဲ့ချီပြီး မကောင်းနိုင်ဖြစ်ကြတာပေါ့။ ဆောင်းရာသီအအေးပိုတဲ့ ဒီလကတော့ ပိုအဖြစ်များလာတာ တွေ့ရတယ်” လို့ သူက ပြောပါတယ်။

 

CJ Platform ကစုံစမ်းသိရရှိတဲ့စာရင်းအရ အရေပြားရောဂါ ခံစားနေရသူဦးရေ သံတွဲမြို့နယ်မှာ ၂၀၀ ဦးခန့်ရှိပြီး ဂွမြို့နယ်မှာတော့ ၂၅၀ ခန့် ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ခံထားရတဲ့အတွက် ဆေးဝါးရှားပါးမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်တာတွေကြောင့် အများစုဟာ ဆေးမကုနိုင်ဖြစ်နေတယ်လို့ သံတွဲမြို့နယ်က အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ဆေးဝါးအကူအညီတွေ လိုနေကြပါတယ်။ ဖြစ်တာက ဒေသခံတွေလည်းဖြစ်တယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေကတော့ မတတ်နိုင်လို့ဆေးမလူးနိုင်တာတွေများတယ်။ အရမ်းဆိုးဝါးပြီး ထမင်းတောင်ကောက်မစားနိုင်(လက်တွေပေါက်ပြဲနေ) သူတွေလည်းရှိတယ်” လို့ သူမက ပြောပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း AA သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း အရေပြားရောဂါဖြစ်ပွားသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ကနေ ဒီရောဂါခံစားနေရသူတွေကို ဆေးဝါးကူညီမှုတချို့ရှိပေမဲ့ လုံလောက်မှုမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ- ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့

 

ပုံစာ- ဂွမြို့မှာ အရေပြားရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို တွေ့ရစဉ်