တရုတ်ရဲ့ AI အသစ်ကြောင့် နည်းပညာလောက သက်ရောက်မှုတွေ ဖြစ်ပေါ်
တရုတ်နိုင်ငံကနေ ဉာဏ်ရည်တု (AI) မော်ဒယ်အသစ် Deepseek AI ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မိတ်ဆက်လိုက်ပြီးတဲ့နောက်မှာ နည်းပညာ လောကအတွင်း ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ရှိပြီးသား AI မော်ဒယ်တွေထက် ဈေးနှုန်းချိုသာတဲ့ AI အသစ်မိတ်ဆက်ပြီး ကမ္ဘာ့နည်းပညာဈေးကွက် ကမောက်ကမဖြစ်ရတဲ့ ဒုတိယမြောက်နေ့ ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ဂျပန်နိုင်ငံရဲ့ နည်းပညာစတော့ရှယ်ယာတွေဟာ ဈေးနှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တွေအတွင်း AI လောကမှာ ထင်ရှားခဲ့တဲ့ Nvidia ရဲ့ စတော့ရှယ်ယာတွေဟာလည်း ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ၁၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးကွက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၉၃ ဘီလီယံအထိ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ ကုမ္ပဏီတစ်ခုအတွက် တစ်ရက်အတွင်း စံချိန်တင် ဆုံးရှုံးခဲ့တဲ့ ပမာဏဖြစ်တယ်လို့လည်း သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း AI လုပ်ငန်းတွင် ထင်ရှားခဲ့တဲ့ Nvidia (NVDA.O) ရဲ့ စတော့ရှယ်ယာတွေဟာ တနင်္လာနေ့က ၁၇ ရခိုင်နှုန်း ကျဆင်းကာ စျေးကွက်တန်ဖိုး ဒေါ်လာ ၅၉၃ ဘီလီယံ ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ကုမ္ပဏီတစ်ခုအတွက် တစ်ရက်အတွင်း အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စတင်မိတ်ဆက်လိုက်တဲ့ Deepseek AI အသစ်ဟာ လက်ရှိ ရှိနေတဲ့ AI တွေထက် ကုန်ကျစရိတ် ပိုပြီးနည်းတဲ့ အပြင် အချက်အလက် လိုအပ်ချက်လည်း နည်းပါးတာကြောင့် ကမ္ဘာတဝန်းက လူတွေရဲ့ အာရုံစိုက်မှုကိုရခဲ့တယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။
ChatGPT ကို တီထွင်ခဲ့တဲ့ OpenAI ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဆမ်အယ်မန်းက “အထင်ကြီးစရာ ကောင်းတဲ့ မော်ဒယ်” ဖြစ်တယ်လို့ Deepseek AI အပေါ် မှတ်ချက်ပေးပါတယ်။ ကျွန်တော်တို့တွေက ပိုပြီးကောင်းတဲ့ မော်ဒယ်တွေကို ထုတ်လုပ်ပေးမှာပါ။ အခုလိုမျိုး ပြိုင်ဘက်အသစ် ပေါ်လာတာကလည်း တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
DeepSeek AI စတင်မိတ်ဆက်ခဲ့တာနဲ့ လူကြိုက်များလာတာတွေကြောင့် ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့တွေရဲ့ နည်းပညာ စတော့ရှယ်ယာတွေကို ရောင်းထုတ်တာမျိုးတွေ လုပ်လာတာကြောင့် တိုကျို၊ အမ်စတာဒမ်နဲ့ ဆီလီကွန်တောင်ကြားတွေ အပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဂျပန်မှာ Nvidia ကို ပစ္စည်းတွေတင်သွင်းတဲ့ ချစ်ပ်ပြား စမ်းသပ်တဲ့ ပစ္စည်းထုတ် ကုမ္ပဏီ Advantest ဟာ ယမန်နေ့က ရှယ်ယာတန်ဖိုး ၉ ရာခိုင်နှုန်းဆင်းခဲ့ပြီး ဒီကနေ့မှာတော့ ၁၀ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဆိုပါတယ်။
ချစ်ပ်ပြားလုပ်တဲ့ စက်ပစ္စည်းထုတ်လုပ်တဲ့ Tokyo Electron ရဲ့ ရှယ်ယာလည်း ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နည်းပညာအတွက် မတည် ရင်းနှီးမှုတွေ ပြုလုပ်ပေးတဲ့ SoftBank အုပ်စုကတော့ ၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်မှာတော့ Broadcom ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ၁၇ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ChatGPT ကို ထောက်ပံ့ပေးထားတဲ့ Microsoft ကုမ္ပဏီကတော့ ၂ ဒသမ ၁ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပါတယ်။
ဒါ့အပြင် Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ကတော့ ၄ ဒသမ ၂ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ Philadelphia semiconductor index (SOX) ရဲ့ ရှယ်ယာတွေဟာလည်း ၉ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လကစပြီး အခုအချိန်ထိ အများဆုံးကျဆင်းခဲ့တာလို့ ဆိုပါတယ်။
နည်းပညာလောကမှာ အရေးပါတဲ့ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ရဲ့ စတော့ရှယ်ယာဈေးကွက်တွေကတော့ နှစ်သစ်ကူးကာလဖြစ်တာကြောင့် အရောင်းအဝယ် ပိတ်ထားတယ်လို့သိရပါတယ်။
အခုလိုမျိုး ရှယ်ယာတွေ ထုတ်ရောင်းမှုဟာ ရင်းနှီးမြှုပ်နှံသူတွေကြား (Deepseek ရှယ်ယာတွေကို) ဝယ်ယူလိုမှုတွေ အုံနဲ့ကျင်းနဲ့ ဖြစ်နေတယ်ဆိုတာရယ်၊ တချို့ကုမ္ပဏီတွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေက အလွန်မြင့်မားနေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“တနင်္လာနေ့က နည်းပညာစတော့ရှယ်ယာတွေ ရောင်းထုတ်မှုဟာ ထိတ်လန့်စရာကောင်းတဲ့ အခြေအနေဖြစ်ပြီး ဒါဟာ AI နဲ့ နည်းပညာကုမ္ပဏီတွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေက အမှားလုပ်လို့ မရတော့ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်နေပါပြီ” လို့ Bahnsen အုပ်စုရဲ့ ရင်းနှီးမြုပ်နှံမှုအရာရှိချုပ် ဒေးဗစ်ဘန်ဆန်းက ပြောပါတယ်။
Deepseek ကုမ္ပဏီဟာ တရုတ်နိုင်ငံဟန်ကျုံးမြို့မှာ စတင်ခဲ့တာဖြစ်ပြီး ရှယ်ယာအများစုကိုတော့ လျန်ဝိန်ဖန်းက ပိုင်ဆိုင်ထားပါတယ်။ သူဟာ High-flyer လို့ခေါ်တဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခုမှာလည်း ပူးတွဲတည်ထောင်သူ ဖြစ်တယ်ဆိုတာတွေကို မှတ်တမ်းတွေအရသိရပြီး အခြား အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တဲ့ DeepSeek-V3 မော်ဒယ်ကို လေ့ကျင့်ဖို့အတွက် Nvidia ရဲ့ စွမ်းဆောင်ရည်နိမ့် H800 ချစ်ပ်ပြားတွေကိုသာ အသုံးပြုထားပြီး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ခြောက်သန်းအောက်သာရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့တဲ့ သူတို့ကုမ္ပဏီက သုတေသီတွေရဲ့ စာတမ်းထဲမှာ ရေးသားထားပါတယ်။
Deepseek ပေါ်ထွက်လာမှုဟာ တစ်ကမ္ဘာလုံးက AI လုပ်ငန်းနယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေ ပိုပြီးပြင်းထန်လာမှာကိုလည်း နည်းပညာတတ်ကျွမ်းသူတွေက အသိပေးထားပါတယ်။
ဓာတ်ပုံ – REUTERS/Dado Ruvic/Illustration
ပုံစာ – Deepseek လိုဂို၊ ကီးဘုတ်နဲ့ စက်ရုပ်ရဲ့ လက်တို့ကို ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ဖန်တီးရေးဆွဲထားတဲ့ သရုပ်ဖော်ပုံမှာ တွေ့မြင်ရစဉ်
ကိုးကား – Reuters