စစ်တွေအပြင် ပဲခူး၊ မကွေးနဲ့ ဧရာဝတီကို AA တပြိုင်နက် ထိုးစစ်ဆင်နေ

Author လဂွန်းအိမ်
Categories
Published on Jan 21, 2025

ရခိုင်တစ်ပြည်လုံးနီးပါးသိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် AA က မြို့တော်စစ်တွေအပြင် နယ်နိမိတ်ခြင်းထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေကို ဒီနှစ် ဇန်နဝါရီလအတွင်း တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ AA က ထုတ်ပြောလာပါတယ်။

 

ရက္ခိုင်-ဧရာဝတီအစပ်က နေရာတချို့နဲ့ ပွိုင့် ၃၆၉ ကုန်းအပြင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ချင်းစုကျေးရွာတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ AA ရဲ့ ယမန်နေ့ညပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါ့အပြင် ရခိုင်ရိုးမပေါ်နဲ့ ရခိုင်-ဧရာဝတီအစပ်ရှိ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအနီးမှာ နှစ်ဖက် တိုက်ပွဲတွေပြင်းထန်နေသလို ကမ်းခြေပတ်လမ်းအနီးရှိ ဂျိတ်လတ်နဲ့ သပေါ့ရွာတို့မှာ စစ်ကောင်စီက ခံစစ်ပြင်ထားတယ်လို့ အဲဒီအကြောင်းသိရှိထားသူ ဒေသခံတွေဆီက သိရပါတယ်။

 

“ဂျိတ်လတ်ဘက်မှာလည်း အခြေအနေမကောင်းဘူး။ သပေါ့ကန်ကလူတွေလည်း ပြေးလာကြပြီ။ သပေါ့ကန်ဘက်မှာ စစ်ဖြစ်ရင် ချောင်းသာမှာပါ နေလို့မရတော့ဘူး။ လူသစ်စုဆောင်းတာတွေလည်း ရှိတယ်” လို့ ရွှေသောင်ယံမြို့ခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တဖန် ရခိုင်-မကွေးဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းကားလမ်းပိုင်းမှာလည်း နှစ်ဖက်ထိုးစစ်၊ ခံစစ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင် စစ်ကောင်စီက အကျအဆုံးများစွာနဲ့ အကြိမ်ကြိမ်ဆုတ်ခွာနေရတယ်လို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်မ-၈၈၊ ၉၉ လက်အောက်ခံတပ်ရင်းတွေအပြင် မကွေးတိုင်းက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး(ကပစ)တပ်ရင်းတွေက တပ်ဖွဲ့တွေနဲ့ပါ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

 

အမ်း-ပဒါန်းလမ်းပိုင်းရှိ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း တပ်မ-၉၉ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်နဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ACDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ဘေးကင်းပါတယ်။ ထွက်ပြေးသွားတဲ့သူတွေကိုလည်း အခုချိန်အထိ လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်” လို့ ACDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက CJ Platform ကို ပြောပါတယ်။

 

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ACDF ရဲ့ တပ်စိတ် ၂ တို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း MA 1 သေနတ် ၃ လက်၊ ကျည်အိမ်နဲ့ ခဲယမ်းတွေကို ACDF က သိမ်းဆည်းရမိတယ်လို့ သူက ဆက်ပြောပါတယ်။

 

အာရက္ခတပ်တော်က ရခိုင်မှာသိမ်းပိုက်ဖို့ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေထဲက စစ်တွေမြို့နဲ့အနီးတဝိုက်ကို စစ်ကောင်စီက မြို့ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာတွေနဲ့ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်း၊ ရေကြောင်းကနေလည်း နေ့စဉ်တိုက်ခိုက်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုတွေမှာ လေယာဉ်ထက် ဒရုန်းနဲ့တိုက်ခိုက်မှုပိုများနေပြီး စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာကနေ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

လတ်တလော ရခိုင်ပြည်မြို့တော် စစ်တွေက နေရာတချို့မှာ လျှပ်စစ်မီးတွေ ဖြတ်တောက်ခံထားရတဲ့အပြင် မြို့ပြင်ကို AA က သိမ်းပိုက်ထားတယ်လို့ စစ်တွေမြို့နေ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

မြို့ပြင်က ဒေသခံပြည်သူတွေဟာ မြို့တွင်းက ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြရပြီး လက်ရှိ စစ်တွေမြို့ကထွက်နိုင်ဖို့ ကုန်လမ်းနဲ့ ရေလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတဲ့အတွက် လေကြောင်းတစ်ခုသာ စစ်ကောင်စီက ထွက်ခွာခွင့်ပြုထားတယ်လို့ သူက ပြောပါတယ်။

 

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့ထဲက မကျီးဇင်နဲ့ ဘောမိကျေးရွာတွေကို ဒီနှစ် ဇန်ဝါရီလနှစ်ပတ်အတွင်း AA က သိမ်းပိုက်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ယမန်နေ့ AA ထုတ်ပြန်ချက်ထဲမှာတော့ အတည်ပြုထားခြင်းမရှိပါဘူး။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ – ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဂွမြို့သိမ်းနိုင်ပြီးနောက် တွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ