မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့သတင်းထွက်အပြီး ခမ်းပတ်မြို့ လေကြောင်းတိုက်ခိုက်ခံရ၊ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံး

Author ဆလိုင်း
Categories
Published on Jan 17, 2025

အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့နဲ့ ကာနန်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ည ၈ နာရီခွဲခန့်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ကလေးငယ်တစ်ဦးအပါအဝင် ငါးဦး သေဆုံးကာ ဘုန်းကြီးတစ်ပါးအပါအဝင် ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ကနဦးသတင်းရရှိပါတယ်။

 

တော်လှန်ရေးတပ်ဖွဲ့တွေက တမူးမြို့သိမ်းဆင်နွှဲတော့မယ်လို့ သတင်းတွေထွက်လာပြီးနောက် စစ်ကောင်စီတပ်က မြေပြင်မှာ တိုက်ပွဲမဖြစ်ဘဲ တော်လှန်ရေးတပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းက အရပ်သားတွေနေထိုင်ရာနေရာတွေကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ခမ်းပတ်မြို့ထဲ နှစ်ကြိမ်ကြဲတယ်။ ကာနန်ရွာမှာ တစ်ကြိမ်ကြဲတယ်။ စုစုပေါင်း ငါးမိနစ်ခြား နှစ်ကြိမ်ကြဲသွားတယ်” လို့ အသက် ၄၀ နှစ်အရွယ် ခမ်းပတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ခမ်းပတ်မြို့အတွင်း ဗုံးကြဲမှုမှာ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ရုံးအနီးကျရောက်ပေါက်ကွဲခဲ့ပြီး အဲဒီမှာ ကလေးငယ်၊ အမျိုးသမီးနဲ့ အမျိုးသမီး သုံးဦးတို့သေဆုံးတဲ့အပြင် ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ကာနန်ရွာမှာ ကြဲခံရတဲ့ဗုံးသီးကတော့ ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းထိုင်ဆရာတော် တစ်ပါးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံအမျိုးသမီးက ပြောပါတယ်။

 

ဒဏ်ရာရရှိသူ ၁၂ ဦးအနက် ပလဖ ရဲဘော်တစ်ဦးအပါအဝင် ကျောင်းထိုင်ဘုန်းကြီး၊ သုံးနှစ်အရွယ်မိန်းကလေးငယ်တို့ဟာ အသက်အန္တရာယ်စိုးရိမ်နေရပြီး ထိခိုက်ဒဏ်ရာရသူအားလုံး ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ခမ်းပတ်မြို့ အမှတ် (၁) ရပ်ကွက်က ပလဖရုံးအပါအဝင် လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားသလို ကာနန်ကျေးရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် နှစ်လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“ပျက်စီးမှုအခြေအနေနဲ့ လူသေဆုံးမှုအခြေအနေက အသေးစိတ်မသိရသေးဘူး။ လောလောဆယ် ရှာဖွေတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ အခုသိရတာက ခမ်းပတ်မြို့က ပလဖရုံး၊ လူနေအိမ် လေးလုံးလောက် ပျက်စီးပြီးတော့ ကာနန်ရွာက ဘုန်းကြီးနဲ့ လူနေအိမ် နှစ်လုံးလောက်အနည်းငယ်ပျက်စီးတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ အခုအရေအတွက်ထက် ပိုများတာလည်းရှိနိုင်တယ်” လို့ အသက် ၂၄ နှစ်အရွယ် ခမ်းပတ်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ခမ်းပတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ ကာနန်ရွာကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့မှုအတွင်း အရပ်သား ၁၇ ဦးသေဆုံးကာ ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ခမ်းပတ်မြို့ဟာ မြန်မာ-အိန္ဒိယနယ်စပ် တမူး-ကလေးကားလမ်းမပေါ်တည်ရှိပြီး လူဦးရေ ၅,၀၀၀ ခန့်ရှိကာ ချင်းလူမျိုးအများစုနေထိုင်တဲ့ မြို့ဖြစ်ပါတယ်။

 

လက်ရှိမှာ ခမ်းပတ်မြို့ဒေသခံတွေဟာ စစ်ကောင်စီတပ်က နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်မှာကို စိုးရိမ်နေတဲ့အတွက် ပုန်းခိုကျင်းထဲ ပုန်းရှောင်နေရပြီး ဆက်သွယ်ရေး ဖုန်းလိုင်းနဲ့ အင်တာနက်တို့ ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်