စစ်တွေ၊ ပါဒလိတ်ကျေးရွာက နေအိမ်တွေကို ဖြိုဖျက်ပြီး စစ်ကောင်စီ ခံစစ်ပြင်

Author သုတ
Categories
Published on Jan 17, 2025

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် စစ်တွေမြို့ရှိ ပါဒလိတ်ကျေးရွာက နေအိမ်တချို့ကို ဇန်နဝါရီလ ပထမအပတ်က စစ်ကောင်စီက ဖြိုဖျက်ပြီး ခံစစ်ပြင်ဆင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

အဲဒီရွာအနီး  စစ်ကောင်စီရဲ့ ခမရ-၂၃၂ နဲ့ ခမရ-၃၄၄ တပ်ရင်းတွေ အခြေစိုက်ထားတာဖြစ်ပြီး တပ်ရင်းအနီးနားက နေအိမ်တွေနဲ့ မြစ်ကမ်းနံဘေးနားမှာရှိတဲ့ နေအိမ်တွေကို ဖြိုဖျက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“အိမ်တွေအားလုံးမှာ လူမရှိကြဘူး။ အရင်လတွေကတည်းက ရွာလုံးကျွတ် နှင်ထုတ်ပြီး လူတွေကို မြို့လယ်မှာ စုထားတာ။ ရွာက ရသေ့တောင်မြို့နဲ့ နီးတော့ မြစ်ကမ်းဘေးမှာလည်း ကတုတ်ကျင်းတူးပြီး ဘန်ကာတွေ ဆောက်နေတယ်ကြားပါတယ်။ စစ်တပ်က နေရာယူထားတာဆိုတော့ လူတွေလည်း သွားမကြည့်ရဲကြဘူးလေ။ အခုမှ ပြန်သိရတာ”လို့ အသက် ၃၃ နှစ်အရွယ် စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့တို့ကို အဲဒီရွာမှာရှိတဲ့ တပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ပါဒလိတ်ကျေးရွာဟာ AA ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့၊ မိုးစဲကျွန်းရဲ့ တစ်ဘက်ကမ်းမှာ တည်ရှိပြီး ရေလမ်းခရီးနဲ့ တစ်နာရီခန့်သာ သွားလာရတာဖြစ်ပါတယ်။

 

ဒါကြောင့် စစ်တွေမြို့ကို AA တိုက်ခိုက်ရင် အဲဒီနေရာကနေ AA တပ်ဖွဲ့တွေ အချိန်မရွေး ဝင်ရောက် တိုက်ခိုက်နိုင်တယ်လို့ စစ်ကောင်စီက ယူဆထားတာကြောင့် ကတုတ်ကျင်းနဲ့ ဘန်ကာတွေ ကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ရွာကလူတွေကို နှင်ထုတ်ကတည်းက အင်အားဖြည့်ထားတာ အခု စစ်ရေးတင်းမာလာတော့ ထပ်ပြီးဆက်တိုက် အင်အားဖြည့်လာတာ တွေ့ရတယ်”လို့ မြေပြင် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက ပါဒလိတ်ကျေးရွာအပါအဝင် ရွာပေါင်း ၂၀ ကျော်က ဒေသခံတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ရွာကနှင်ထုတ်ပြီး စစ်တွေမြို့ပေါ်ကို အတင်းအဓမ္မ ရွှေ့ပြောင်းထားတာဖြစ်ပါတယ်။

 

ပါဒလိတ်ကျေးရွာမှာ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး လူဦးရေ ၃,၀၀၀ ကျော် နေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန စာရင်းတွေအရ သိရပါတယ်။

 

စစ်တွေမြို့အပြင် AA သိမ်းပိုက် ကျန်ရှိနေတဲ့ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့မှာလည်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ကာ အင်အားဖြည့်တင်းမှုတွေ ပိုမိုလုပ်ဆောင်နေပြီး AA ထိုးစစ်ကို ခုခံဖို့ ခံစစ်ကို အခိုင်အမာ ပြင်ဆင်နေပါတယ်။

 

ရခိုင်ပြည်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း AA က ချင်းပြည်၊ ပလက်ဝမြို့ အပါအဝင် မြို့နယ် ၁၅ မြို့အထိ သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ သုံးမြို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာလည်း ဧရာဝတီတိုင်းအတွင်းနဲ့ ရခိုင်ပြည်-မကွေးတိုင်း နယ်စပ်တို့မှာ စစ်ကောင်စီတပ်နဲ့ AA၊ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်