မြိုင်မှာ စစ်ရေးပြင်းထန်နေလို့ ဒေသခံနှစ်သောင်းကျော် အရေးပေါ်တိမ်းရှောင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ ပူးပေါင်းတပ်ဘက်က ငါးဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Jan 16, 2025

မကွေးတိုင်း၊ မြိုင်မြို့ကနေ လက်နက်ကိုင်ပျူစောထီးကျေးရွာတွေဆီ ရိက္ခာပို့ဆောင်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးမျက်မြင်သေဆုံးတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းနဲ့ ပြန်ကြားရေး တာ၀န်ခံ ကိုဘိုဘိုသန့်ဇင်က CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မြိုင်မြို့နဲ့ ခုနစ်မိုင်အကွာရှိ ပျူစောထီးလက်နက်ကိုင်တွေနေထိုင်တဲ့ ကန်နီရွာကို အင်အား ၁၇၀ ခန့်ပါ ရိက္ခာယာဥ် ၁၅ စီးခန့်နဲ့ထွက်လာတဲ့စစ်ကြောင်းကို ဇန်န၀ါရီ ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်အတွင်း တော်လှန်ရေးတပ်တွေရဲ့ မိုင်းအပြင် ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

“စစ်ကောင်စီသေဆုံးက မျက်မြင်အတည်ပြုပါတယ်။ အလောင်းကတော့ သူတို့ကောက်သွားတာ။ အခုလက်ရှိတော့ ငြိမ်နေတယ်။ သူတို့လှုပ်ရှားမှုကို စောင့်ကြည့်ပြီး ကျနော်တို့ ဆုတ်၊ တိုက်၊ ခွာပြုလုပ်ကြရမယ်” လို့ ကိုဘိုဘိုသန့်ဇင်က ဒီကနေ့မှာ ပြောပါတယ်။

 

ဇန်န၀ါရီ ၁၄ ရက်နေ့က ကန်နီပျူရွာကိုရောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့ ဇန်န၀ါရီ ၁၆ အထိ အဲဒီပျူကျေးရွာအတွင်းမှာပဲရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီစစ်ကြောင်းနဲ့ စစ်ရေးအခြေအနေတွေကြောင့် ကန်နီကျေးရွာအနီးက ကျောင်းကုန်း၊ အင်းယောင်း စတဲ့ကျေးသုံးရွာက ဒေသခံ ၂၅,၀၀၀ ခန့် ဘေးလွတ်ရာနေရာတွေကို ဒီကနေ့အထိ တိမ်းရှောင်နေကြရတယ်လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

 

ကန်နီရွာကိုရောက်နေတဲ့စစ်ကြောင်းဟာ ပခုက္ကူမြို့ကနေ ဇန်နဝါရီလ ၅ ရက်မှာ စတင်ထွက်ခွာလာတာဖြစ်ပြီး မြိုင်မြို့ကို ဇန်နဝါရီလ ၁၀ ရက်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇန်န၀ါရီ ၁၃ ရက်နေ့က မြိုင်မြို့မြောက်ဘက်ကနေ ကန်နီပျူရွာစခန်းကို ထွက်ခွာလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြိုင်မြို့နယ်၊ အင်းရောင်း၊ ဝက်ခေါင်းနဲ့ ကျောင်းကုန်းကျေးရွာအနီးတွေမှာ ဇန်န၀ါရီ ၁၃ ရက်နေ့က ထိတွေ့တိုက်ပွဲ သုံးကြိမ်တိုင်ဖြစ်ပွားခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

 

ဒါ့အပြင် ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကျောင်းကုန်းနဲ့ ကန်နီပျူစောထီးကျေးရွာကြားမှာလည်း တိုက်ပွဲနှစ်ကြိမ်ထပ်မံဖြစ်ပွားကာ စစ်ကောင်စီတပ်သား သုံးဦးထပ်မံ သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကန်နီရွာအနီးမှာ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး စစ်ကောင်စီတပ်သား နှစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

တိုက်ပွဲ ဖြစ်စဥ်တစ်လျှောက်မှာ ကာကွယ်ရေးတပ်တွေဘက်က ငါးဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

မြိုင်တိုက်ပွဲတွေကို အညာမြေတပ်ပေါင်းစုနဲ့အတူ ပခုက္ကူခရိုင်အမှတ် ၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇ တပ်ရင်း၊ ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ မြိုင် ပ.က.ဖတပ်ရင်း၊ Pakokku Earthquake အဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေသခံ ပ.က.ဖတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

 

Related News

Depend on news