တမူး မြို့သိမ်းတိုက်ပွဲ သတိပေးစာတွေကြောင့် ဒေသခံတွေ ၁,၀၀၀ ကျော် ကြိုတင် တိမ်းရှောင်
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံ ၁,၀၀၀ ကျော်ဟာ အခုရက်ပိုင်းတွင်း မြို့ကို စွန့်ခွာပြီး ကြိုတင်တိမ်းရှောင်မှုတွေ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့က တမူးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်ဆိုတဲ့ စာတန်းတွေကို မြို့အပြင်မှာ ကပ်ထားတာကြောင့် ဒေသခံပြည်သူတွေဟာ မြို့သိမ်းတိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်နေကြတဲ့အတွက် ကြိုတင်တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။
“ဒီလ ပထမအပတ်ကတည်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ ကြားနေရတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီတုန်းက ပြည်သူတွေ တိမ်းရှောင်တာတွေ မလုပ်ကြသေးဘူး။ အခုမြို့အပြင်မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်။ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ သတိပေးစာကပ်ထားတာကြောင့် လူတွေက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်”လို့ အသက် ၄၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒေသခံတွေဟာ တိုက်ပွဲနဲ့ လွတ်ကင်းနိုင်တဲ့ ကျေးရွာတွေ၊ ကလေးမြို့နယ်နဲ့ မြန်မာ – အိန္ဒိယ နယ်စပ်က ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက တမူးမြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ပြည်သူတွေရဲ့ အိမ်နဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူသွားမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။
“လူတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြလို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်။ အခုဆို အယောက် ၁,၀၀၀ လောက်က မြို့စွန့်ခွာ ထွက်ပြေးနေကြပြီ။ နောက်ထပ် ထွက်ပြေးမယ့် သူတွေ ပြင်ဆင်နေတာအများကြီး ကျန်ရှိနေသေးတယ်။ အဲဒီလိုထွက်ပြေးတဲ့သူတွေရဲ့ အိမ်တွေချိတ်ပိတ်မယ်။ အိမ်ငှားတဲ့သူတွေဆီ ပေးမယ်။ တခြားပိုင်ဆိုင်မှု ပစ္စည်းတွေလည်း သိမ်းယူသွားမယ်လို့ စစ်သားနဲ့ ပျူတွေက ခြိမ်းခြောက်တယ်”လို့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ တမူးမြို့တွင်း တိုက်ပွဲမရှိသေးပေမဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျူ၊ ကသည်း၊ ရှမ်းနီးတပ်တွေက စစ်ရေးအသင့် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
တမူးမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ “မကြာခင် မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်တယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ် (တမူး) တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က သိမ်းပိုက်ရရှိထားပြီး မြစ်သစ်မြို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့က အသီးသီး သိမ်းပိုက်ရရှိ ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ- တမူးမြို့တွင်း တစ်နေရာကို တွေ့ရစဥ်။