ချင်းက မြို့ ၁၅ ခုအထိ ချင်းတပ်တွေ သိမ်းထားနိုင်ပြီးနောက် အိန္ဒိယက စစ်ဘေးရှောင်တွေ နေရပ်ပြန်ဝင်

Author ဆလိုင်း
Categories
Published on Dec 28, 2024

မြို့ ၂၀ ရှိတဲ့ ချင်းပြည်မှာ မြို့ ၁၅ ခုအထိ တော်လှန်ရေးတပ်တွေ သိမ်းထားနိုင်ပြီဖြစ်တဲ့အတွက် တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ချင်းစစ်ဘေးရှောင်တွေ မိမိနေရပ်ပြန်လာကြသူတွေရှိလာပြီလို့ စစ်ဘေးရှောင်တာဝန်ရှိသူတွေဆီက သိရပါတယ်။

 

“ချင်းပြည်မှာ မြို့ပေါ်ကလွဲရင် နယ်တွေမှာက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့အတွက် အေးချမ်းတဲ့အခြေအနေမျိုးမှာရှိပြီ။ အရင်ကလိုမျိုး တိုက်ပွဲတွေရှိမနေတော့ဘူး။ အခုဆိုရင် မြို့တွေအတော်များများကိုလည်း တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေ မိမိနေရပ်ပြန်လာကြတာလည်းဖြစ်ပါတယ်” လို့ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်က ချင်းစစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အခု ဒီဇင်ဘာလ ဒုတိယအပတ်နဲ့ တတိယအပတ်တွေအတွင်း မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ထဲက ချင်းစစ်ဘေးရှောင် ကလေး၊ အမျိုးသမီး၊ အမျိုးသားအပါအဝင် ၃၈၀ ဦးနဲ့ ကော်လဆစ်ခရိုင်ထဲက ချင်းစစ်ဘေးရှောင် ၅ ဦးတို့ဟာ ချင်းပြည်ထဲ နေရပ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ချင်းစစ်ဘေးရှောင်တာဝန်ရှိသူက ပြောပါတယ်။

 

ဒါ့အပြင် မီဇိုရမ်ပြည်နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြသူ ရာနဲ့ချီလည်း ဒီနှစ်အကုန်ပိုင်းမှာ နေရပ်ပြန်ကြမယ်လို့ အသက် ၄၅ နှစ်အရွယ် ချင်းစစ်ဘေးရှောင်အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒီဘက်မှာလည်း စားဝတ်နေရေးက အတော်လေးကို ရုန်းကန်နေရတယ်။ ကိုယ့်နေရာကိုယ့်ဒေသ မဟုတ်တော့ ပိုပြီးအခက်ခဲတွေ့စေတာပေါ့။ အခုတော့ ကိုယ့်ရပ်ရွာတွေလည်း အေးချမ်းတဲ့အနေထားမှာရှိကြပြီးဆိုတော့ ငါးယောက်စ၊ လေးယောက်စ ပြန်နေကြပြီ။ ဒီနှစ်ကုန်ရင် ပြန်ဖို့ တော်တော်များရှိတယ်။ ရွာမှာက ကိုယ့်အိုးအိမ်စည်းစိမ်တွေလည်း ကျန်ခဲ့တာကိုး” လို့ သူက ပြောပါတယ်။

 

မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံလာတဲ့ မြန်မာစစ်ဘေးရှောင် ၃၂,၇၉၄ ဦးရှိတဲ့အနက် ၁၆,၈၉၂ ဦးဟာ ခရိုင် ၇ ခုထဲမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၁၂၇ စခန်းမှာနေထိုင်ကြပြီး ကျန်တဲ့ ၁၅,၉၀၂ ဦးဟာ စခန်းပြင်ပမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

 

လက်ရှိ ချင်းပြည်မှာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ မကွီးအိမ်နူးမြို့တွေကို ချင်းညီနောင်တပ်က ထိန်းချုပ်ထားပြီး တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ရိဒ်ခေါဒါရ်မြို့၊ လိုင်လင်းပီမြို့၊ နှာရိန်မြို့၊ ရေဇွာမြို့၊ ဝေဘူလမြို့၊ ဆူခွာမြို့တွေကို CC ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။ ပလက်၀မြို့နဲ့ ဆမီးမြို့တို့ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

 

မင်းတပ်နဲ့အတူ နိုဝင်ဘာလ ၉ ရက်နေ့ကစပြီးမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဖလမ်းမြို့မှာလည်း စစ်တပ်ကုန်းတစ်ခုပဲ သိမ်းပိုက်ဖို့ကျန်တော့တယ်လို့ ချင်းညီနောင်အဖွဲ့က ပြောထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ချင်းစစ်ဘေးရှောင်တွေကို တွေ့မြင်ရစဥ်